တနင်္သာရီ၊ နိုဝင်ဘာ(၄)

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ အမှတ်(၅၆၁) ခြေမြန် တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ အလင်းဝင်လာတယ်လို့ တိုင်းပကဖ တာဝန်ရှိသူထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်သား ၂ ဦးဖြစ်တဲ့ တပ်သားထွန်းလင်းသူနဲ့ တပ်သားထက်မြတ်သူတို့ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး လက်နက်မဲ့နဲ့ အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး လုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးထားတယ်လို့ တနင်္သာရီတိုင်း ပဖကတာဝန်ခံ ကိုစတားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးအထိရှိပြီး သူတို့အားလုံးကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အဲဒီခြေမြန်တပ်ရင်းက တပ်သားတစ်ဦးဟာ MA 31 သေနတ် တစ်လက်၊ ကျည် ၁၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ PDF တွေဘက်က ထောက်ပံ့ငွေသိန်း ၄၀ ကျော်ပေးအပ်ခဲ့သေးတာပါ။

တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရဲနဲ့စစ်သား CDM လုပ်လာသူ ထားဝယ်ခရိုင်မှာ ၉၈ ဦး၊ မြိတ်ခရိုင်မှာ ၁၁၀ ဦး၊ ကော့သောင်းခရိုင်မှာ ၂၉ ဦး စုစုပေါင်း ၂၃၇ ဦးရှိလာပြီလို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.