ဝါရှင်တန်၊နိုဝင်ဘာ ၅
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြင်းထန်တဲ့ ရေပြတ်လပ်မှုနဲ့ စားနပ်ရိက္ခာအခက်အခဲ ရင်ဆိုင်နေရတဲ့ ဂါဇာဒုက္ခသည်တွေဟာ တစ်ရက် ပေါင်မုန့်နှစ်ချပ်နဲ့ အသက်ရှင်နေရတယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမ္မဂ အေဂျင်စီဒါရိုက်တာက ပြောပါတယ်။
UNRWA လို့လူသိများတဲ့ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီဟာ ဂါဇာတဝှမ်းမှာ ပေါင်မုန့်ဆိုင် ၈၉ ဆိုင် ထောက်ပံ့ပေးထားပြီး ဒုက္ခသည် ၁ ဒသမ ၇ သန်းအတွက် တစ်ရက်ကို ပေါင်မုန့်နှစ်ချပ်သာ ရရှိဖို့ ရည်မှန်းထားပါတယ်။
လူ ၆ သိန်းနီးပါးဟာ UNRWA ရဲ့ နေရာ ၁၄၉ နေရာမှာ ခိုလှုံနေကြရပြီး အစ္စရေးရဲ့ မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြောက်ပိုင်းမှာရှိတဲ့ အေဂျင်စီတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ပါလက်စတိုင်းနယ်မြေတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ ကုလသမဂ္ဂအရှေ့အလယ်ပိုင်းမှ လက်ထောက်ညှိနှိုင်းရေးမှူး လင်မ်ဟက်စတင်းကလည်း အစ္စရေးမှ ရေပေးဝေရေးလိုင်းသုံးလိုင်းထဲကနေ တစ်လိုင်းသာ လည်ပတ်နေရတယ် လို့ဆိုထားပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့တည်းက အစ္စရေးဟာ ပါလက်စတိုင်းပိုက်နက်တွေကို အလုံးစုံ ဝိုင်းရံထားတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစ္စရေး၊အီဂျစ်၊အမေရိကန်နဲ့ ကုလသမဂ္ဂတို့မှ အာဏာပိုင်တွေဟာ ဂါဇာဒေသ ကို လောင်စာဆီဝင်ရောက်ခွင့်ပြုရေးနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က ပြောပါ တယ်။
လောင်စာဆီဟာ ဌာနဆိုင်ရာတွေ၊ ဆေးရုံတွေနဲ့ ရေနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတို့အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုကာ ဒီထောက်ပံ့ရေးပစ္စည်းတွေ ဂါဇာကမ်းမြောင်ဒေသကို စိတ်ချ ယုံကြည်စွာ ထောက်ပံ့ခွင့်ပြုရမယ်လို့သူက ဆိုထားတာပါ။
ဆေးရုံ၊ရေသန့်စင်စက်ရုံတွေနဲ့ အစားအသောက်ထုတ်လုပ်ရေးစက်ရုံတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ လည်ပတ်နေတဲ့ အရန်မီးစက်တွေမှာ လောင်စာဆီပြတ်တောက်သွားတာကြောင့် အလုံးစုံရပ်တန့်နေတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဟက်စတင်းက သတိပေးပါတယ်။
အစ္စရေး-ဟားမတ်စ့် ပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာကို လူသာချင်းစာနာမှု အကူအညီပေးဖို့၊ နှစ်ဖက်စလုံးမှ ဓားစာခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
Ref: The New Arab