ဂန့်ဂေါ – နိုဝင်ဘာ ၄

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် တောင်ခင်ရန်း နယ်မြေ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲဝင်ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီး မြောက်ခင်ရန်း ပျူစောထီးကျေးရွာကို သွားရောက်ပူးပေါင်းတာဖြစ်နိုင်တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ယူဆတာတွေရှိနေပါတယ်။

“မနေ့ည ခုနှစ်နာရီလောက်ကတည်းကခွာသွားတာ။ လောလောဆယ် နယ်မြေရှင်းလင်းရေးလုပ် နေတယ်။ ပြေးသွားတဲ့လူတွေကို လိုက်ဖမ်းနေရတုန်းရှိသေးတယ်။” လို့ ဒေသ ကာကွယ်ရေးတပ် ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စခန်းစွန့်ခွာထွက်ပြေးခံရတဲ့ တောင်ခင်ရန်းရဲစခန်းဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မင်းရွာရဲစခန်းနဲ့ ဝေးပေမယ့် ကလေးမြို့နဲ့ နီးစပ်တာကြောင့် ထွက်ပြေးတာဖြစ်နိုင်တယ်လို့ လည်း သုံးသပ်တာတွေရှိနေပါတယ်။

တောင်ခင်ရန်းနယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက်တပ်စွဲနေထိုင်ခဲ့တာဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ဂန့်ဂေါနဲ့ ကလေးထိစပ်နယ်မြေတွေမှာ စစ်ကောင်စီစခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံနေရတာကြောင့် ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဟာ ကံရွာရဲစခန်းတဝိုက်ကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJပုံစာ – မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.