“ဒီစစ်ဆင်ရေးကြီးက ရှမ်းမြောက်ထဲမှာတင်ပြီးသွားမှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်ဖော်ဆောင်သွားမှာပါ”
စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကြွေးကြော်လိုက်ပါတယ်။ လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ တစ်ပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၉၅ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး မြို့လေးမြို့ကို ထိန်းချုပ်ထားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချေမှုန်းရေး စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်ချက်၊ လက်ရှိစစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ချ အလင်းဝင်မှု၊ လူထုထံ ဘာသတင်းစကားပါးလိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကိုးကန့်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့သူတွေကို ချေမှုန်းသွားမယ်လို့ ပြောဆိုမှုအပေါ် MNDAA အနေနဲ့ ဘာများပြောချင်လဲ၊ ဘယ်လိုသဘောထား ရှိပါသလဲ။
လီကျာဝင်း – စစ်ကောင်စီဘက်ကနေ တစ်ခုခုပြန်လည်လုပ်ဆောင်လာမယ်လို့ ကျွန်တော်တို့လည်း အမြဲတမ်း သတိထားမိပါတယ်။ ကျွန်တော်တို့ဘက်လည်း ပြင်ဆင်မှုတွေတော့ အပြည့်အဝ ပြင်ဆင်ထားတယ်။
သံလွင်တိုင်းမ် – စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ကိုးကန့်မျိုးနွယ်စုတွေရဲ့ မိသားစုအချင်းချင်းဖြစ်ပွားတဲ့ ပြဿနာထက်မပိုဘူးလို့ ဝါဒဖြန့် ပြောဆိုထားတယ်။ ဒီအပေါ်မှာရော MNDAA အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်တာ ရှိမလဲ။
လီကျာဝင်း – ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ၁၀၂၇စစ်ဆင်ရေးက သူပြောသလို မျိုးနွယ်စုနှစ်ခုကြားရဲ့ တိုက်ပွဲတော့ မဟုတ်ဘူးဗျ။ ၁၀၂၇စစ်ဆင်ရေးကြီးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြည်သူလူထုတစ်ရပ်လုံးရဲ့ အိတ်ဖွင့်စာရယ်၊ ကျွန်တော်တို့ ညီနောင်မဟာမိတ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်းပါပြီးဖြစ်တယ်။ ကျွန် တော်တို့က အဲဒီအတွက် စစ်ဆင်ရေးကိုဖော်ဆောင်ရခြင်း ဖြစ်တယ်။
သံလွင်တိုင်းမ် – ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး စတင်တဲ့ရက်ကနေ ဒီကနေ့အထိဆိုရင် စစ်ကောင်စီ တပ်စခန်းပေါင်း ဘယ်လောက်အထိ သိမ်းပိုက်ထားနိုင်လဲ၊ စစ်ကောင်စီဘက်က တပ်သားတွေ တပ်ရင်းမှူးတွေ ဘယ်လောက်အထိ လက်နက်ချအလင်းဝင်တာ ရှိမလဲ။
လီကျာဝင်း – တပ်စခန်းကိုတော့ အကြီးအငယ်ယာယီတပ်စခန်း စုစုပေါင်း၉၄၊ ၉၅လောက်ရှိပြီ။ သိမ်းပိုက်ထား တဲ့ မြို့ကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ကိုတော့ ပိုင်ပိုင်နိုင်နိုင် အပြည့်အဝထိန်းချုပ်ထားနိုင်တယ်။ သိန္နီနဲ့ ကြူကုတ်ကိုတော့ ကျွန်တော်တို့သိမ်းထားတဲ့ နေရာတွေရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေတဲ့အ တွက် ဒါကတော့ ဆက်လက်ပြီး သူတို့ကိုတိုက်ထုတ်ရဉီးမယ်။ အထူးသဖြင့် ကြူကုတ်ပေါ့နော်။ ကြူကုတ်က နည်းနည်းပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲကို အလင်းဝင်လာတဲ့ သူစုစုပေါင်းဦး ရေက ၁၀၀ကျော်ပြီဗျ။
သံလွင်တိုင်းမ် – ဒီကနေ့စစ်ရေးအခြေအနေကရော ဘယ်လိုမျိုးရှိလဲ။ စစ်ကောင်စီဘက်က ဘယ်လိုမျိုး တန်ပြန် ချေမှုန်းရေးတွေ လုပ်နေပြီလဲ၊ လက်နက်ကြီး လေကြောင်းပစ်ခတ်မှု အခြေအနေကရော ဘယ်လိုရှိနေလဲ။
လီကျာဝင်း – ဒီကနေ့မနက် ကျွန်တော်တို့အဖွဲ့အနေနဲ့ တပ်စခန်းနှစ်ခု ထပ်သိမ်းထားတယ်။ ဒေသကတော့ ကိုးကန့်ခရိုင်ထဲက တပ်စခန်းနှစ်ခုပါ။ အခုစစ်ကောင်စီရဲ့တုံ့ပြန်မှုက လေကြောင်းနဲ့လက်နက်ကြီးပဲ။ လက်နက်ကြီးနဲ့ ထုတယ်။ လေကြောင်းနဲ့ဗုံးကြဲတယ်။ လေကြောင်းကနေ လူပို့တာတို့ လက်နက်ပို့တာတို့ ရှိတယ်။
သံလွင်တိုင်းမ် – စစ်ကောင်စီတပ်အနေနဲ့ ဒီတစ်ပတ်တာအတွင်း အကျအဆုံးများတာ လက်နက်ချအလင်းဝင်တာတွေ များလာနေတာတွေက ဘာကြောင့်လို့ မြင်ပါသလဲ။
လီကျာဝင်း – ဒါကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အောက်ခြေတပ်သားတွေကလည်း နိုင်ငံတော်ရဲ့ အခြေအနေ ကို သိလာပြီ။ စစ်အုပ်စုခေါင်းဆောင်တွေက နိုင်ငံတော်ကို ဖျက်ဆီးနေတာကိုလည်း သူတို့သိမြင်လာကြပီပေါ့။ ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီကို လုံးဝမထောက်ခံဘူးဆိုတာကလည်း သူတို့သိလာကြတော့ စိတ်ဓာတ်တွေကျပြီး ခုခံလိုတဲ့စိတ်မပြင်းထန်လို့ အခုလိုဖြစ်ရတယ်လို့တော့ ကျွန်တော့်အမြင်ပါဒါက ။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်မှာ စိုးမိုးနယ်မြေတွေ ရရှိပြီးရင်ရော လူထုတရပ်လုံး လိုလားနေတဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လူထုကိုဘာတွေများ သတင်းစကား ပါးချင်လဲ။
လီကျာဝင်း – ကျွန်တော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို ထောက်ခံတဲ့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ အဖွဲ့အစည်း အသီးသီးအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ အားပေးထောက်ခံကူညီပံ့ပိုးဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက်ကတော့ အိတ်ဖွင့်စာမှာ လည်း ပါပြီးသား။ ကျွန်တော်တို့က ပြည်သူလူထုအားလုံး လိုလားတဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ချေမှုန်းရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ရေးရယ်၊ ကျွန်တော်တို့ နိုင်ငံသားများအား ဒုက္ခဖြစ်စေတဲ့ ကျားဖြန့်အွန်လိုင်းဂိမ်းကို အမြစ်ဖြုတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေရခြင်း ဖြစ်တယ်။ ဒီစစ် ဆင်ရေးကြီးက ရှမ်းမြောက်ထဲမှာတင်ပြီးသွားမှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်တဲ့ အထိ ဆက်လက်ဖော်ဆောင်သွားမှာပါ။