ကိုးကန့်၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တုံရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA မီဒီယာကနေ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီ တပ်စခန်း ၃ ခုကို ဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ကိုးကန့်အဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဘယ်စခန်းတွေဖြစ်လဲဆိုတာကိုတော့ MNDAA က တစ်စုံတစ်ရာ အသိပေးထားခြင်း မရှိသေးပါဘူး။
ကိုးကန့်အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ချောင်ပါးကျိုင့်စခန်း၊ ဝမ့်နင်ကျွမ်စခန်း၊ ရှီမိန်ခိုင်စန်းနဲ့ ကျန်ကြားလယ်ကွင်း တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါသေးတယ်။
ဒီနေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ၈ ရက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ တပ်စခန်း ၁၀၀ ထက်မနည်း သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- The Kokang