ပန်ဆန်း၊ နိုဝင်ဘာ(၃)စစ်ကောင်စီတပ်ကို ပြိုလဲသွားနိုင်တဲ့ မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် “ဝ” အဖွဲ့နဲ့ မိုင်းလားတို့ရဲ့ ဘက်မလိုက်ရေးမူ ကြားနေရပ်တည်ချက်ဟာ စစ်ဆင်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး “ဝ”အဖွဲ့ UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့က ဘက်မလိုက်တဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းကျင့်သုံးပြီး ဘယ်ဘက်ကမှ ဝင်ရောက်ပါဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၁ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
“ဝ” ပြည်နယ်အတွင်းက နယ်မြေလုံခြုံရေး၊ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကို UWSA အနေနဲ့ ခြွင်းချက်မရှိ ကာကွယ်ပေးသွားမှာဖြစ်ပြီး “ဝ” ဒေသကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ အခမဲ့နေရာချထားရေးနဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ဆိုထားပါတယ်။
“သူတို့က စစ်ကောင်စီကို တိုက်ပွဲနဲ့ပတ်သက်လို့ ဘယ်ဘက်ကမှ မပါဘူးလို့ဆိုပေမယ့် တနည်းတဖုံအားဖြင့် ဒီအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ တိုက်ပွဲတွေကို သူ့အနေနဲ့ တစ်ဖက်တစ်လမ်းကနေပြီး အကူအညီပေးမယ်။ သူတို့ဘက်မှာ ရပ်တည်တယ်ဆိုတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။ တချိန်တည်းမှာ စစ်ပွဲကြောင့်ဖြစ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ကူညီကြိုဆိုမယ်၊ စောင့်ရှောက်မယ်လို့ပြောတာဟာ တကယ်တမ်းကျ ဒီတိုက်ပွဲမှာ တနည်းတဖုံအားဖြင့် ပါဝင်ကူညီမယ်ဆိုတာ ကတိပြုလိုက်တဲ့သဘောပါပဲ”လို့ သူက ဆိုပါတယ်။
“ဝ”အဖွဲ့ UWSA ကတော့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြဖို့သာ တိုက်တွန်းထားပြီး ကြည်းကြောင်း၊ လေကြောင်းတွေက စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုတွေ ရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမယ်လို့ သတိပေးထားတာပါ။
ဒါဟာ “ဝ” ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်လာရင် UWSA အနေနဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ပြီး စစ်ဆင်ရေးထဲ ပါဝင်လာလိမ့်မယ်ဆိုတဲ့ သဘောထားကို ကြိုတင်အသိပေးထားတာလို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
မိုင်းလားအဖွဲ့ကလည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် သဟဇာတဖြစ်တဲ့ ချမ်းသာကြွယ်ဝတဲ့ လူမှုဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
“ဝ”အဖွဲ့ နဲ့ မိုင်းလားတို့ဟာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်ဖွဲ့ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ၅ ကြိမ်ထက်မနည်း ဆွေးနွေးထားကြတာပါ။
တစ်ဖက်မှာတော့ “ဝ” ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်ပြီး အိမ် နီးချင်းတရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိနေပါတယ်။
တရုတ်- မြန်မာအရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ မြောက်ပိုင်းအဖွဲ့တွေဟာ တ ရုတ်နဲ့ ဆက်ဆံရေးရှိတဲ့အတွက် သူတို့လိုချင်တာကို တရုတ်ကဆင့် စစ်ကောင်စီကို ပြောနိုင်သလို အခြေအနေတည်ငြိမ်အောင်လုပ်ဖို့ ဆွေးနွေးကြမယ်လို့ သုံးသပ်ပါတယ်။
“မြောက်ပိုင်းအဖွဲ့တွေနဲ့ တရုတ်နဲ့လည်း အဆက်အဆံရှိတာကိုး။ အဲဒီအခါကျ တရုတ်ကိုလည်း သူတို့ (မြောက်ပိုင်းအဖွဲ့) ဘာလိုချင်တယ်ဆိုတာ ပြောမယ်ထင်တယ်။ အဲဒီဟာကို ဝန်ကြီးကလည်း စစ်ကောင်စီကို ပြောနိုင်ပါတယ်။ စစ်ကောင်စီက မဟုတ်တာတွေပဲ လုပ်ထားတာကိုး။ ဒီကိုးကန့်ကိစ္စကလည်း သူတို့ (စကစ) လုပ်ထားတဲ့ကိစ္စ။ ကိုးကန့်က သူ့နေရာသူပြန်ယူတာပဲလေ။ အဲဒီတော့ ပြန်ဆုတ်ပေးမှာတော့ မဟုတ်ဘူး။ သူ့ဒေသတည်ငြိမ်အောင် သူ့ဟာသူ အခြေခံဒေသအဖြစ် တည် ဆောက်မှာပဲ။ နအဖခေတ်မှာ သူတို့အချင်းချင်းကွဲအောင် မောင်းထုတ်ခဲ့တာကိုး။ အဲဒါကြောင့်မို့ ကိုးကန့်အဖွဲ့က ပြန်သိမ်းတာပဲ။ အဲဒီတော့ ဒီကိစ္စတွေ တည်ငြိမ်အောင် ဘယ်လိုလုပ်မယ်ဆိုတာ ဆွေး နွေးကြမယ်ထင်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၆ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၉၀ နီးပါး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ရက်ကစပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်မြို့တို့ကို လက်လွှတ်ခဲ့ရတယ်လို့ နိုဝင်ဘာ ၂ ရက်နေ့မှာ ဝန်ခံထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်အာဏာရှင်ပြုတ်ရေးအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Kokang