မော်လမြိုင်၊ နိုဝင်ဘာ(၂)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးအားလုံး ရပ်တန့်သွားတဲ့အတွက် ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းတည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီးဖြစ်သလို ဒေသတွင်းမှာလည်း ကုန်ပစ္စည်းရှားပါးမှုနဲ့အတူ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ အခြေအနေကို ပြည်သူတွေ ရင်ဆိုင်ကြုံနေရပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ တိုက်ပွဲတွေကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ မမျှော်လင့်နိုင်အောင် ဈေးနှုန်းကြီးမြင့်လာနိုင်ပြီး အခြေခံစိုက်ပျိုးရေးသုံး ကုန်ကြမ်းတွေကအစ ဈေးနှုန်းအဆမတန် မြင့်တက်နိုင်တယ်လို့ ပြော ပါတယ်။

“လုံးဝကို ရပ်တန့်သွားပြီး၊ နိဋ္ဌိတံသွားပြီ။ လက်ရှိတော့ တရုတ်ကပိတ်လိုက်ပြီး တရုတ်ကိုမှဒီပစ္စည်း တွေ မသွားရင်ဘယ်လိုလုပ်မလဲ။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကုန်ဈေးနှုန်းတွေ တက်လာမှာပေါ့။ အခုတောင်မှပဲ စစ်ဘေးရှောင်ဒေသတွေမှာ ကုန်ဈေးနှုန်းတွေတက်နေပြီ။ တရုတ်ကနေလူသုံးကုန်တွေကစပြီး ကုန်ကြမ်းပစ္စည်းတွေအထိ အကုန်လုံးဝယ်နေရတာ။ မမျှော်လင့်နိုင်အောင် ဈေးတွေကြီးသွားလိမ့်မယ်၊ စိုက်ပျိုးရေးကုန်ပစ္စည်းတွေကအစ မြေဆီတို့၊ စိုက်ပျိုးရေး သွင်းကုန်ပစ္စည်းတွေက တအားတက်မှာပေါ့။ နယ်စပ်မှာ ဆန်တစ်အိတ်တောင်မှပဲ(၆)သိန်း (၇)သိန်း ဖြစ်နေတဲ့ဟာကို”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲ အခြေအနေအရ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှု ပိုမိုရှည်ကြာလာနိုင်တဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုကို မကြာမီကာလအတွင်း ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ လူသုံးကုန်ပစ္စည်းရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ အဓိကတင်သွင်းနေရတာ ဖြစ်ပြီး ရှမ်းမြောက်တိုက်ပွဲဂယက်ကြောင့် ပြည်တွင်းမှာ ကုန်ဈေးကြီးမြင့်မှုဒဏ် ကြုံရမယ့်ကိန်းဆိုက်နေတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကလည်း စစ်ရေးပဋိပက္ခတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ သွင်း ကုန်ပို့ကုန်ကဏ္ဍ သိသိသာသာကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတရုတ်နဲ့ကုန်သွယ်မှုမှာတော့ သူတို့ဘက်ကသွင်းရတာများတယ်။ ဆိုတော့ အခုပြည်တွင်းက လူသုံးကုန်တရုတ်ပစ္စည်းတွေ ဈေးတက်မယ့်သဘောပေါ့။ ကိုယ်တွေဘက်က သူ့ဆီပို့တဲ့တာက ရေထွက်ပစ္စည်းတွေ ပို့ရတယ်ဆိုတော့ အဲဒီအပိုင်းမှာ ပိုထိခိုက်မှုတွေရှိမှာပေါ့။ တရုတ်ဘက်က ဘယ်လိုအသံတွေ ထွက်လာမလဲ ဆိုတာကိုတော့ တစ်ချက်ကြည့်ရမှာပေါ့။ ကိုယ်တွေဘက်က ပို့ကုန်ရော သွင်းကုန်ရောကျမယ်။ ဒါပေမယ့် အဓိက ကသွင်းကုန်ဖြစ်နေတယ်။ မြန်မာပြည်မှာရှိတဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ (၇၅) ရာခိုင်နှုန်းကျော်က တရုတ်ပစ္စည်းတွေ ဖြစ်နေတယ်။ အနည်းနဲ့အများ ထိခိုက်လိမ့်မယ်ထင်တယ်။ နောက်တစ်ခုက ဘယ်လောက်ကြာကြာ ဒီဟာကြီးက သွားမှာလဲဆိုတဲ့အပေါ်မူတည်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ အဓိကအသုံးပြုတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ပြတ်တောက်မှုမရှိအောင် လုပ်ငန်းရှင်တချို့ ရေလမ်းကြောင်းကနေတင်သွင်းဖို့ လုပ်ဆောင်နေတာပါ။

ကားလမ်းနဲ့ သွားရင် ၃ ရက်သာကြာတဲ့ နယ်စပ်ကုန်သွယ်ရေးကို ရေလမ်းကြောင်းကုန်သွယ်ပါက အနည်းဆုံး တစ်လခွဲကနေ နှစ်လလောက်ကြာနိုင်တာအပြင် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်နေတဲ့အတွက် ဖြစ်လာဖို့မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကနေ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပ စ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဓာတ်မြေဩဇာအပါအဝင် အခြားကုန်ပစ္စည်းတွေကို အဓိကတင်းသွင်းနေတာပါ။

တရုတ်နိုင်ငံဘက်ကိုတော့ ရေထွက်ကုန်ပစ္စည်းတွေ၊ ဆန်နဲ့ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ သစ်သီးဝ လံတွေအပြင် တခြားစိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့ရောင်းချနေပြီး လက်ရှိတိုက်ပွဲတွေကြောင့် ပို့ကုန်ရောသွင်းကုန်ပါ ရပ်တန့်သွားပြီဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၅ လအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၄၄၀၀ အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.