နမ့်ခမ်း၊နိုဝင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေလီကြိုးတံတားမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ အမှတ်(၄၂၃) ခြေမြန်တပ်ရင်းရဲ့ တပ်စခန်းကို တအာင်းတပ်မတော် (TNLA)က ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ သေနတ် ၄ လက်၊ 60MM ဗုံးသီး ၃၀ လုံး၊ RPG ဗုံးသီး ၈ လုံး၊ လက်ပစ်ဗုံး ၅၀ လုံး၊ ကျည်တွေနဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ ကြိမ်တိုင် လာရောက်ပစ်ကူပေးခဲ့တယ်လို့TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ TNLA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.