ဂန့်ဂေါ – နိုဝင်ဘာ ၃
မကွေးတိုင်း၊ဂန့်ဂေါခရိုင် မင်းရွာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ABSDF Coulmn 3 က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၃ ရက် မနက် အစောပိုင်းကနေ ၉ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။
” ဒီဘက်မှာက ပျူရွာတွေမရှိဘူး။ စစ်ကူလည်းလာနေတယ်ဆိုပေမဲ့ တော်တော်ဝေးလို့မရောက်လာနိုင်ဘူး။ သုံ့ပန်းတွေမိတယ်။ လက်နက်တွေသိမ်းဆည်းရမိတယ်။” လို့ ABSDF Column 3 က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။
မင်းရွာရဲစခန်းမှာ စစ်ကောင်စီစစ်သားနဲ့ ရဲ ပူးပေါင်းအင်အား (၅၀) ဝန်းကျင် တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရဲအုပ်အေးမင်းစိုးအပါအဝင် ၂၀ ဝန်းကျင်သေဆုံးခဲ့ကာ ၇ ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ပြောပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ၆၀-မမ လက်နက်ကြီးတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၊၇၊၁၁၊၁၂၊၁၄၊၁၉ နဲ့ ABSDF ယောဒေသနဲ့ ရပ်ကျေး ပ.က.ဖ အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းနဲ့အတူ နယ်မြေချင်းဆက်စပ်နေတဲ့ ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ တပ်စခန်း ၄ ခုသိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ