ပေါင်၊ နိုဝင်ဘာ(၃)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားနဲ့ကျွဲခြံကျေးရွာတို့ကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေ သခံ ၆ ဦးကို ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့စက်တင်ဘာ ပထမအပတ်အတွင်း ပေါင်မြို့နယ် မိုးနိုင်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် ပစ်သတ်ခံရပြီးနောက် ဒေ သခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်ထားတဲ့ ဥတ္တံတားဒေသခံတွေဖြစ်တဲ့ ကိုအောင်မင်းထွေး၊ ကိုချစ်သူပိုင်၊ စောရာဇာမင်းနဲ့ ကျွဲခြံကျေးရွာနေ မအေးနီနီအောင်တို့ကို အောက် တိုဘာ ၂၇ ရက်နေ့မှာ ပေါင်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း ဖမ်းဆီးခံ ဥတ္တံတားကျေးရွာသား ဦးစိုးမိုးအောင်ပါ ၂ ဦးကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ က အရ ထောင်ဒဏ် ၅ နှစ်စီ အ မိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထောင်ဒဏ်အမိန့်ချပြီးသူတွေအနက် အမျိုးသားတွေကိုတော့ သထုံအကျဉ်း ထောင်နဲ့ အမျိုးသမီးတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အများစုကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီးချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media