ကြာအင်းဆိပ်ကြီး – နိုဝင်ဘာ ၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို စီနင်းတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်က ဒုစစ်ကြောင်းမှူးအပါအဝင် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ စောနဂါးတပ်ဖွဲ့ SDDF က ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ ၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းစခန်းတွေနဲ့ တပ်စွဲထားရာနေရာတွေကို Lion Battalion ကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနဲ့ စောနဂါးတပ်ဖွဲ့ SDDF တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။
အဲဒီစီးနင်းမှုအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ MI-35 ရဟတ်ယာဉ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် Lion Battalion ကွန်မန်ဒိုစစ်ကြောင်း ဒုစစ်ကြောင်းမှူး စောလားအပါအဝင် ၂ ဦးကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးစာရင်းကို စုံစမ်းလျက်ရှိပြီး မကြာခင်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေခဲ့တာပါ။
ဒါ့အပြင် အဲဒီနေ့မှာလည်း KNU တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံမြို့နယ် ထိုင်း-မြန်မာနယ်စပ် အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ ကွီလုံတိုင်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း အထူးစစ်ဆင်ရေတပ်ဖွဲ့ SOG တပ်ခွဲ ၃ စနိုက်ပါတပ်စုက ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ SOG က အသိပေးထုတ်ပြန်ထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် ကွီလုံတိုင်တပ်စခန်းနဲ့ ဝေါ်လေမြို့နယ်ခွဲရှိ ကနဲလေးတပ်စခန်းတွေကို မနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ KNU ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media