ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ(၃)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေ ဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အဲဒီတိုက်ပွဲဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ တပ်ရင်းဌာနချုပ်နဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် လူနေရပ်ကွက်တွေပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ် သားတချို့ ထိခိုက်မှုတွေရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ပစ်ကူပေးခဲ့ပြီး ညနေပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
မြေပြင်သတင်းတွေအရ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အ တိအကျကိုတော့ သံလွင်တိုင်းမ်အနေဲနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေကကလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းကို သွားလာတာတွေ မပြုလုပ်ဖို့နဲ့ မလိုအပ်ရင် ခရီးသွားတာမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ နိုဝင်ဘာ ၁ ရက် ညပိုင်းကလည်း မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၄ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိသလို ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပေါ်ရှိ ခုတ်ခွားကျေးရွာဘက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်ကနေ သိရပါတယ်။
KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ကျိုက်ဒုံမြို့အနီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ကျိုက်ဒုံဒေသအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်