သရက်ချောင်း၊ နိုဝင်ဘာ(၂)တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကြီးကျေးရွာမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ သရက်နှစ်ခွစစ်ဆေးရေးဂိတ်ကနေ ပန်းပြင်ကြီးကျေးရွာအနီး ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းလာဝပ်ဆိုတဲ့ သတင်းအရ ကြိုတင်စောင့် ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နေရာမှာတင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးရဲ့ လက်နက်တွေကို သွားရောက်ကောက်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ကောင်စီတပ် စစ်ကူရောက်ရှိလာတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ကင်းပုန်းအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး သရက်ချောင်းမြို့နယ်ရှိ သဲချောင်းကြီး၊ စုံစင်ဖျား၊ ဝင်းဝကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အဲဒီနေ့ နေ့လည် ၁ နာရီအချိန်အထိ နှစ်ဖက်တိုက် ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် ဒေသခံတချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကတွဲနဲ့ဝင်းဝကျေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media