နေပြည်တော်၊ နိုဝင်ဘာ(၂)
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်ကျနေတဲ့အချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပျော်ပွဲရွှင်ပွဲတွေနဲ့ အခမ်းအနားတွေကို တက်ရောက်နေတယ်လို့ ဝါဒဖြန့်သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ အောက်တိုဘာ ၃၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု ဆိုကရေးတီး ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့သလို ညပိုင်းမှာလည်း ဂုဏ်ပြုညစာစားပွဲကို ပျော်ပျော်ရွှင်ရွှင် တက်ရောက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က ပျော်ပွဲရွှင်ပွဲတွေ တက်ရောက်နေပေမယ့် တဖက်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဆက်တိုက်ကျဆုံးတာ၊ တပ်ဖွဲ့ဝင်အမြောက်အများ သေဆုံးတာ၊ ဖမ်းဆီးခံရတာနဲ့ လက် နက်ခဲယမ်းတွေ ဆုံးရှုံးလိုက်ရတာတွေအပြင် မြို့တွေကိုပါ စွန့်လွှတ်နေရတာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈၇ ခု သိမ်းပိုက်ထားသလို ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တို့ကို အလုံးစုံထိန်းချုပ်ထားတယ်လို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လေတပ် CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်ခေါင်ဆောင်ရဲ့ ပျော်ပွဲရွှင်ပွဲ တက်ရောက်မှုဟာ ပုံမှန်အခြေအနေမျိုး လုပ်ပြချင်တာကြောင့်ဖြစ်သလို လက်တွေ့မှာတော့ မြန်မာစစ်တပ်သမိုင်းမှာ အဆိုးဝါးဆုံးကျရှုံးမှုနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မင်းအောင်လှိုင်တို့က သူတို့အဲဒီလို ဆိုကရေးတီးပြိုင်ပွဲလို ပျော်ပွဲရွှင်ပွဲအခမ်းအနား တက်တာတော့ပုံမှန်ပါ။ နောက်တစ်ခုက သူတို့အဲဒီလောက်ကြီး ရုပ်မပျက်ဘူးပေါ့နော်။ ဒါမျိုး ဖြစ်တာပုံမှန်ပဲ။ သူတို့အတွက်က ဒါကြီးမထူးခြားဘူးပေါ့၊ အေးအေးဆေးဆေးပဲ၊ သူတို့အချိန်တန်ရင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်း လုပ်ပြချင်တာလည်း ပါတာပေါ့နော်။ တကယ်တမ်းတော့ အခြေအနေတော် တော်ဆိုးတာပေါ့နော်။ ဒီအရင်တုန်းက သမိုင်းမှာတုန်းက ခံစစ်မှာဆိုတအားကောင်းခဲ့တယ်။ ခံစစ်ကောင်းခဲ့တဲ့ စစ်တပ်တစ်တပ်ပေါ့နော်။ အဲဒါဟာဒီ (၃)ရက် (၄)ရက်အတွင်း ဒီလိုမြို့တွေကျပြီးတော့ စခန်းတွေပိုးဆိုးပက်စက်ကျတယ်ဆိုတာက သူတို့စစ်တပ်ရဲ့သမိုင်းမှာ တစ်ခါမှမရှိခဲ့ဘူးပေါ့နော်။ မြန်မာ့တပ်မတော်သမိုင်းမှာ တစ်ခါမှမရှိခဲ့တဲ့ တော်တော်ကို ဆိုးရွားတဲ့အခြေအနေတစ်ခုကို ဒါရောက်သွားတာပေါ့”လို့ ဆိုပါတယ်။
စစ်ခေါင်ဆောင်အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ တက်ရောက်နေတာဟာ နိုင်ငံတော်တည်ငြိမ်းအေးချမ်းနေတဲ့ပုံစံ နိုင်ငံတကာကို ချပြချင်တာကြောင့်ဖြစ်သလို တပ်တွင်းစည်းလုံးမှု မပြိုကွဲအောင် တဖက်လှည့်နဲ့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း စစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ရေး၊ နိုင်ငံရေးကအစ အဖက်ဖက်မှာရှုံးနိမ့်နေတဲ့ အခြေအနေမှာ အလုံးစုံဖုံးကွယ်ချင်တာကြောင့် ဟန်ရေးပြတာလို့ ဝေဖန်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေးမှာသာမက နိုင်ငံရေး၊ သံတမန်ဆက်ဆံရေး၊ အဖက်ဖက်မှာ ရှုံးနိမ့်နေတဲ့ကာလပေါ့။ နိုင်ငံတကာကလည်း သူ့အပေါ်မှာ ဖိအားအများကြီးပေးတယ်။ အ သိအမှတ်မပြုတဲ့ နိုင်ငံတွေလည်း ရှိတယ်။ တဖက်ကိုလည်း ထောက်ခံမှုအားတွေ ပိုများလာတယ်။ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တွေ့နေရတဲ့ ကာလမျိုးပေါ့။ အခုဆိုရင် မြောက်ပိုင်းဒေသမှာဆိုရင် တော်တော်ကို စစ်ရေးပြင်းထန်နေတယ်။ စစ်ခေါင်းဆောင်တစ်ယောက်က အဲဒါတွေကို နောက်မှာထားပြီးတော့ ဥပေက္ခာပြုပြီးတော့ ဆိုကရေးတီးပြိုင်ပွဲတွေ လုပ်နေတယ်ဆိုတာတော့ သူသိပ်မမှုတဲ့ပုံစံမျိုး၊ စစ်ရေးကသူ့အတွက် ခြိမ်းခြောက်စရာမရှိဘူးဆိုတဲ့ ပုံစံမျိုးပေါ့နော်။ သူလုပ်နေတဲ့အလုပ်တွေကို ဆက်လုပ်နေတယ်ဆိုပြီး ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင်ပေါ့။ သူ့အနေနဲ့ ဒီတိုက်ပွဲတွေဟာ အရေးမကြီးဘူး၊ သူနှိမ်နင်းနိုင်ပါတယ်ဆိုတဲ့ သဘောလည်း ပါတာပေါ့။ နိုင်ငံတကာကိုသူ ဆိုကရေးတီးပြိုင်ပွဲလောက် အလေးမထားတဲ့ကိစ္စတွေပေါ့။ သတိမမူတဲ့ကိစ္စ အလုပ်မဖြစ်တဲ့ကိစ္စပေါ့။ အဲဒီလိုမြင်စေချင်လို့ပေါ့၊ သူရှုံးနိမ့်နေတယ်ဆိုတာကို ကွယ်ဝှက်တဲ့သ ဘော။ တဖက်မှာဟန်ရေးလုပ်ပြနေတာပေါ့”လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရးဟာ စစ်ကောင်စီကို စစ်ကြေညာချိန်ကစပြီး စစ်ရေးအရှိန်မြန်နှုန်းမြင့်မြင့်နဲ့ ပြင်းထန်လာနေပြီး စခန်းသိမ်းခံရမှုတွေဟာ ၁၉၈၈ နောက်ပိုင်း မြန်မာစစ် တပ်သမိုင်းမှာ အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
CDM စစ်တပ်အသိုင်းအဝိုင်းကလည်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ ပြိုလဲသွားတဲ့အထိ ဖြစ်သွားနိုင်ပြီး တပ်တွင်းဆူပူအုံကြွမှုနဲ့ ပုန်ကန်မှုတွေပါ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ရက်ပိုင်းအတွင်း နာမည်ကြီးလာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်အစိုးရ(NUG) အ ပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုအသီးသီးအပြင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI