မော်လမြိုင် – နိုဝင်ဘာ ၁

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းကြီး ၊စခန်းငယ်၊စစ်ဘက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ဖောင်ဆိုင်နဲ့ သိန္နီမြို့တွေကို အလုံးစုံ ထိန်းချုပ်ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက် ဆိုတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ထိတွေ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အမြောက်အများ သေဆုံးဒဏ်ရာရကာ စစ်လက်နက်ခဲယမ်းစစ်သုံးအဆောင် အမြောက်အများကိုလည်း သိမ်းဆည်းရရှိထားသလို အသက်မသေလိုတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာလက်နက်ချ အလင်းဝင်ရောက်လာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။

စစ်ဆင်ရေးအတွင်း ညီနောင်အဖွဲ့အစည်းတွေနဲ့ တပ်ဖွဲ့ဝင်တွေထံ နီးစပ်ရာမှ ဆက်သွယ်ပြီး လက်နက်အပ်ခဲ့ကြသူတွေရှိသလို စစ်ဆင်ရေးကာလအတွင်း အသက်မသေလိုတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ မိသားစု၊ဆွေမျိုး၊မောင်နှမနဲ့ သူငယ်ချင်းတွေဆီက တဆင့် ဆက်သွယ်ပြီး လွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပြီး လွတ်မြောက်သွားသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ အင်အား ၅၀ ရှိတဲ့ တပ်စခန်း တစ်ခုလုံးကို တော်လှန်ရေးတပ်တွေဘက်က ၂ နာရီအတွင်းချေမှုန်းလို့ရပေမယ့် အချိန်မီအညံ့ခံခဲ့တဲ့ အတွက် တစ်ယောက်မကျန်အသက်ချမ်းသာပေးပြီး ဘေးကင်းရာမှာ လုံခြုံစွာ နေရာချပေးထားတယ်လို့ သိရပါတယ်။

မဟာမိတ်တပ်တွေအနေနဲ့ စစ်ဆင်ရေးရည်မှန်းချက်ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေအနေနဲ့ လက်နက်ချ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

လက်နက်ချအလင်းဝင်ရောက်လာမယ်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပေးပြီး လူ့ဂုဏ်သိက္ခာ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင်ဆောင်ရွက် ပေးသွားမယ်လို့ ဆိုထားသလို ညှဉ်းပန်းနှိပ်စက်မှု၊ဖမ်းဆီးချုပ်နှောင်မှုတွေလည်း လုပ်မှာမဟုတ်ဘဲ မိသားစုဆွေမျိုးတွေ နဲ့ အမြန်ဆုံးပြန်လည်ပေါင်းစည်းခွင့်ရအောင် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမှာဖြစ် တယ်လို့ ဆိုထားပါတယ်။

လမ်းခရီးသွားလာဖို့အတွက်လည်း လိုအပ်မယ့် ခရီးစရိတ်တွေကို ကူညီထောက်ပံ့ပေးသွားမယ့် အပြင် မကျန်းမမာဖြစ်နေသူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – 1027 operation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.