မော်လမြိုင်၊ နိုဝင်ဘာ(၁)
မွန်ပြည်နယ်မှာ အခုနှစ်မိုးစပါးပေါ်ကာလ စပါးတင်းရာလျှင် ကျပ် ၁၅ သိန်းကျော် ပေါက်ဈေးရှိပေမယ့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် တွက်ခြေမကိုက်ဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုးစပါးစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်မိုးစပါးစိုက်ပျိုးရာကာလမှာလည်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေတာ၊ သွင်းအားစုအပါအဝင် အလုပ်သမားစရိတ်တွေ ကြီးမြင့်မှုအခက်အခဲကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုနှစ်မိုးစပါးပေါ်ကာလမှာတော့ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ရွှေဝါထွန်းအမျိုးအစား စပါးတွေဟာ ဈေးကွက်အတွင်းမှာ တင်းတစ်ရာလျှင် ကျပ် ၁၅ သိန်းကျော်သာ ပေါက်ဈေးရှိနေတဲ့အတွက် တောင်သူတွေအခက်ကြုံနေရတာပါ။
တောင်သူတစ်ဦးက အခုနှစ်ရေကြီးမှုကြောင့် စပါးခင်းတချို့ ပျက်စီးတာ၊ ရေကြီးမှုနောက်ဆက်တွဲအတူ ပိုးမွှားကျရောက်မှုကြောင့် စပါးအထွက်နှုန်း သိသိသာသာကျဆင်းလာတဲ့အတွက် ဘယ်လိုမှ တွက်ခြေကိုက်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလက်ရှိ တွက်ချေကိုက်မှုတော့မရှိဘူးပေါ့နော်။ ထွက်ရှိတာနဲ့ကို အစိုရောင်းရင် ဆယ့်ငါးသိန်းပေးမယ်။ ရိတ်သိမ်းတာကလည်း အခုတစ်ဧကကို တစ်သိန်းနှစ်သောင်းလောက်ရှိတယ်။ ဝဲဖိုးနဲ့ ကုန်ကျစားရိတ်တွေပေါ့ကွယ်။ သိပ်မကိုက်ဘူး။ နောက်စပါးကလည်း အထွက်နှုန်းကလျော့နေတယ်။ ပိုးထိတာရယ်၊ ရေမြုပ်တာရယ်နဲ့လေ” လို့ သူကပြောပါတယ်။
မိုးစပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာ အခုနှစ်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်အဖြစ် စပါးတစ်ဧကကို အနည်းဆုံး ကျပ် ၈ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ မွန်ပြည်နယ်ရဲ့ စပါးအထွက်နှုန်းဟာ မြို့နယ်အပေါ် မူတည်ပြီး တစ်ဧကလျှင် တင်း ၄၀ ကနေ တင်း ၆၀အထိသာ ထွက်ရှိနေတဲ့အတွက် ဒီစပါးဈေးနှုန်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်ပင်ကာမိမှာ မဟုတ်ဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။
တောင်သူတစ်ဦးကလည်း စပါးပေါက်ဈေး ကျပ် ၁၅ သိန်းကျော်ရှိပေမယ့် အာဏာသိမ်းကာလအတွင်း မြင့်တက်နေတဲ့ အထွေထွေကုန်ကျစရိတ်ကြောင့် တွက်ခြေမကိုင်နိုင်သလို အထွက်နှုန်း ကျဆင်းသွားမယ့် တောင်သူတွေအဖို့ အရှုံးပေါ်မယ်လို့ ပြောပါတယ်။
“ဘယ်လိုလုပ်ကိုက်မှာလဲ။ ကျွန်တော်တို့က ရောင်းဖို့စပါးတောင်မရှိတော့ဘူး။ ဘယ်လိုမှမကိုက်ဘူး။ ကျွန်တော့်ဆီမှာဆိုရင် ကြံကြံဖန်ဖန်လုပ်ကြတာတောင် လုံးဝစပါးပြန်မရဘူး။ ကုန်ကျစားရိတ်က ကျွန်တော်ပြောပြမယ်လေ။ ကုန်ကျစားရိတ်က ဆယ်သိန်းကျော်နေတယ် တစ်ဧကကို။ အဲဒါကိုတောင် စပါးတစ်ရာထွက် မလာဘူး။ အများဆုံးမှ စပါးငါးဆယ်ပဲထွက်တယ်။ တစ်ဧကကို ဆယ်သိန်းမကျော်ဘူး။ ဆယ်သိန်းပဲထားဦး။ နှစ်ဧကလုပ်မှ စပါးတစ်ရာရမှာလေ။ သွင်းအားစုတွေက မြင့်တက်ပြီးတော့ ထွက်လာတဲ့သီးနှံကို ပြန်ရောင်းတဲ့အခါကျတော့ လုံးဝတွက်ခြေမကိုက်ဘူး။ အဲဒီမှာကွာတာပဲ” လို့ ဆိုပါတယ်။
စပါးဈေးနှုန်းဟာ စပါးမပေါ်မီ မိုးတွင်းကာလအတွင်း ဆန်ကြမ်းအုပ်စုဝင် စပါးဈေးဟာ တင်းတစ်ရာလျှင် ကျပ် ၂၃ သိန်းကနေ ၂၅ သိန်းအထိ ဈေးရှိခဲ့သလို ဆန်ချောအုပ်စုဝင်စပါးတွေကလည်း ကျပ် ၂၈ သိန်းကနေ သိန်း ၃၀ ကျော်အထိ ပေါက်ဈေးရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခုနှစ်မိုးစပါးဈေးအဖြစ် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ငစိန် အမျိုးအစား စပါးတင်း၁၀၀ ကို ကျပ် ၁၃ သိန်းကနေ ကျပ် ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန် ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်စပါး ကျပ် ၁၈ သိန်းကနေ ကျပ်သိန်း ၂၀ အတွင်း ဝယ်ယူဖို့ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားတာပါ။
အခြေခံစပါးရည်ညွှန်းဈေးဟာ စစ်ကောင်စီရဲ့ လမ်းညွှန်မှုနဲ့အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ ဆန်းစပါးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ညှိနှိုင်းဆွေးနွေးပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ မိုးစပါးစိုက်ဧက ၇ သိန်းနီးပါး ရှိနေတာဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media