မြိတ်၊ နိုဝင်ဘာ(၁)

တနင်္သာရီတိုင်း မြိတ်မြို့အတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ တနင်္သာရီနဲ့ပုလောမြို့နယ်နေ ဒေသခံတွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တနင်္သာရီနဲ့ပုလောမြို့နယ်တို့ကနေ မြိတ်မြို့ကို စီးပွားရေး၊ ကျန်းမာရေးအပြင် တခြားလူမှုရေးကိစ္စရပ်တွေနဲ့ လာရောက်တည်းခိုးတာ၊ နေထိုင်ကြောင်း ကြားသိရပါက ရပ်ကွက်ရုံးခေါ်ယူစစ်ဆေးနေတာပါ။

အဲလိုခေါ်ယူစစ်ဆေးရာမှာ အမည်၊အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်မှု ရှိ မရှိ မေးမြန်းတာ၊ မသင်္ကာပါ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ခေါ်ယူစစ်ဆေးခံရတဲ့ ဒေသခံတွေကိုလည်း မကြာခဏဆိုသလို ခြိမ်းခြောက်ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီနဲ့ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဒေသနှစ်ခုကနေ မြိတ်မြို့အတွင်း ရောက်ရှိလာတဲ့ ဒေသခံတွေကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေအပြင် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ကပါ စောင့်ကြည့်ထောက်လှမ်းတာတွေ ရှိနေပါတယ်။

အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီနဲ့ပုလောမြို့နယ်တို့မှာ ဒေသခံသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက ငွေကြေးတက်နိုင်တဲ့ ဒေသခံတွေဟာ မြိတ်မြို့မှာ ပြောင်းရွှေ့နေထိုင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ တနင်္သာရီနဲ့ပုလောမြို့နယ်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ မြို့ပေါ်နေရာတချို့ကိုသာ ထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Myeik Now

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.