လားရှိုး၊ နိုဝင်ဘာ(၁)
အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အခုလိုရတောင့်ရခဲကြုံတောင့်ကြုံခဲ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကိုယ့်ဒေသတွင်းရှိ စစ်ဖက်နဲ့သက်ဆိုင်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ဝင်တိုက်ကြဖို့ ညီနောင် ၃ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ မိမိတို့စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးတွေကို အခြားသော မဟာမိတ်တပ်တွေအနေနဲ့ တပြိုင်နည်တည်း ဆင်နွှဲလာခဲ့ကြတာကို တွေ့ရှိနေရပြီး ဒါဟာစစ်အာဏာရှစ်နစ်အမြစ်ပြတ်ရေးအတွက် အကြိုနိမိတ်လို့ ဆိုပါတယ်။
စစ်ဆင်ရေး ၅ ရက်တာ ကာလအတွင်း ကိုးကန့်ပြည်နယ် အထူးဒေသ ၁ အတွင်းက အဓိကမြို့တွေထဲက ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်မြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီမြို့တွေကို လုံးဝထိန်း ချုပ်ထားနိုင်ခဲ့ပြီးဖြစ်တဲ့အပြင် သိန္နီမြို့ကိုလည်း မိမိတို့ထိန်းချုပ်ထားဆဲလို့ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
ဒီကနေ့ မနက်အစောပိုင်းမှာတော့ ရှမ်းမြောက်နဲ့ ကချင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ ညီနောင်၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၆ နာရီကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ AA ပူး ပေါင်းစစ်ကြောင်းတို့ ကချင်ပြည်နယ် လိုင်ဇာမြို့ကနေ ၂၅ ကီလိုမီတာခန့်ဝေးတဲ့ မြစ်ကြီးနား – ဗန်းမော်ကားလမ်းရှိ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန်စခန်းကို ထိုးစစ်ဆင်ပြီး နှစ်နာရီခွဲလောက်မှာ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်သူ့လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရန်သူ့အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုဦးဆောင်နေတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဂန်ဒေါင်ယန်စခန်း လက်လွှတ်ခဲ့ရမှုအပေါ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး အာလောန့်ဘွမ် တောင်ကုန်းဘက်ဆီ လေကြောင်းနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။
တစ်ရက်တည်းမှာပဲ KIA နဲ့ AA ပူးပေါင်းတပ်ဖွဲ့တို့ဟာ ရှမ်းမြောက်ရှိ နမ္မတူမြို့နယ်၊ မုံးမော်၊နမ့်ဟိုင်းရှိ စစ် ကောင်စီလက်အောက်ခံ ခလရ (၃၂၄) ကိုလည်း အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့ က ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တအာင်းတပ်မတော် TNLA ကလည်း ဒီကနေ့ မနက် ၄ နာရီအချိန်မှာ တအာင်းပြည်နယ် တပ်မဟာ ၄ စစ်ဒေသ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကိုလည်း အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။
ရန်သူ့အလောင်းအမြောက်အမြားနဲ့အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိသလို စစ်သုံ့ပန်းတချို့ကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Getty Image