ကိုးကန့်၊ အောက်တိုဘာ(၂၉)ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာရှိတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့နဲ့ အလင်းဝင်လာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ရှမ်းပြည်အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးနဲ့ ဌာနဝန်ထမ်းတွေအနေနဲ့ မိမိလုပ်ငန်း တာ ဝန်ရဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊စာရင်းဇယား၊ဘောက်ချာနဲ့ ငွေကြေးတွေကို ကောင်း မွန်စွာ ထိန်းသိမ်းထားဖို့လည်း MNDAA က အသိပေးထားပါတယ်။

ထိန်းသိမ်းခိုင်းထားတဲ့ ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရင် ပြင်းထန်စွာ အရေးယူသွားမှာဖြစ်သလို ပစ္စည်းတွေကို ထိန်းသိမ်းကာကွယ်ပေမယ့် ပျက်စီးသွားပါက တိုက်ပွဲအပြီးမှာ တာဝန်မကျေပွန်မှုနဲ့အရေးယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းကို ဂရုတစိုက်စောင့်ရှောက်ရေးဆိုတဲ့ မူဝါဒဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ပါ အကျုံးဝင်တဲ့အတွက် လက်နက်ချပြီး အလင်းဝင်ရောက်သူတွေကို စစ်သုံ့ပန်းမူဝါဒ အပြည့်အဝ ခံစားခွင့်ပေးမှာဖြစ်သလို ဒဏ်ရာရရှိသူတွေကိုလည်း ကောင်းမွန်စွာ ဆေးကုသပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကိုတော့ သူတို့ရဲ့ စာရင်းကိုင်၊ ကိုယ်ရံတော်နဲ့ မိ သားစုတို့က MNDAA ဆီကို လာရောက်သတင်းပေးရမှာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို အ ကာအကွယ်ပေးတာ၊ ဝှက်ထားတာနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကူညီပေးတာတွေ ပြုလုပ်သူတွေကို ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကိုးကန့်ဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကိုးကန့်ရုပ်သေးအဖွဲ့တွေရဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေအနေနဲ့ MNDAA ထံကို မိမိအသိစိတ်နဲ့ အပြစ်ဝန်ခံဖို့ လာရောက်သူတွေကို လှိုက်လှဲစွာကြိုဆိုထားဖြစ်ပြီး ပြစ်မှုတွေကိုလည်း သဘောထားကြီးစွာ စီရင်ဖြေရှင်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကိုးကန့်အဖွဲ့ဖြစ်တဲ့ MNDAA ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.