လောင်းလုံး၊ အောက်တိုဘာ(၂၉)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

တပ်အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့က မင်းရပ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ဝင်ရောက်လာစဉ် လမ်းသွားနေတဲ့ အသက် ၁၆ အရွယ် ဒေ သခံလူငယ် မောင်စိုင်းကျော်သီဟကို စစ်ဆေးတာတွေ ပြုလုပ်ပြီးနောက် ဖုန်းအတွင်း နိုင်ငံရေးပို့စ်တွေ တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ NLD ပါတီဝင် ဦးအောင်ကျော်စိုးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီးနောက် ရိုက်နှက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီနေ့က သူတို့ ၂ ဦးအပြင် ရွာခံအမျိုးသမီး ၄ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပေမယ့် စစ်ကြောင်းပြန်ထွက်ချိန်မှာ အမျိုးသမီးတွေကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဦးအောင်ကျော်စိုးဟာ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းစိုက်ပျိုးမွေး မြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းရဲ့ ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့တာပါ။

ဝန်ကြီး ဦးမြင့်စန်းကတော့ အခုနှစ်မေလအတွင်း ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေစဉ် ကင်ဆာရောဂါနဲ့သေဆုံးသွားတယ်လို့ NLD ထံကနေ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် ၁၈၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ပါတီဝင် ၉၇ ဦး သတ်ဖြတ်ခံထားရတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.