မော်လမြိုင် – အောက်တိုဘာ(၂၈)
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကသတင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းရေး ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ကိုးကန့်အဖွဲ့(MNDAA)နဲ့ တအာင်းအဖွဲ့ (TNLA) တို့က အောက်တိုဘာလ (၂၇) ရက်နေ့မှာ စတင်လိုက်တာပါ။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတဲ့ နိုင်ငံရေး စားပွဲဝိုင်းမှာသာမက စစ်မြေပြင်မှာပါ စည်းစည်းလုံးလုံးတိုက်ပွဲဝင်သော စစ်ရေး၊နိုင်ငံရေး ညီနောင်မဟာမိတ်တွေဟာ တစ်ဖွဲ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို တစ်ဖွဲ့က အသိအမှတ်ပြုပြီး ဘယ်လိုကိစ္စမဆို စိတ်ရင်း စေတနာမှန်နဲ့ အကောင်းဆုံးဖေးမကူညီကြတဲ့ မူဝါဒဟာ ဘုံရန်သူကို ဦးတည်တိုက်ခိုက်နေကြတဲ့ တခြားအဖွဲ့အစည်းအသီးသီးက လေ့လာအတုယူသင့်တယ်လို့ (ကလလတ)က ဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စု- စစ်အာဏာရှင်စနစ်- စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို စစ်မှန်သော ဒီမိုကရေစီနဲ့ စစ်မှန်သော ပြည်ထောင်စုကို လိုလားသူတိုင်းက အကုန်အစင်တိုက်ဖျက်ပစ်ရမယ့် ဘုံရန်သူဖြစ်တယ်လို့ ကလလတ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလလတ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေက ဘုံရန်သူ(စကစ) တပ်တွေကို တိုက်ခိုက်ပြီး မိတ်ဆွေတို့ရဲ့ တိုက်ပွဲမှာ တစ်တပ်တစ်အားပူးပေါင်းပါဝင်ကာ ကလလတ အဖွဲ့အစည်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဒီကြေညာချက်နဲ့ တည်ကြည်စွာ အကြောင်းကြား အသိပေးတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ တညီတညွတ်တည်း လက်တွဲပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ပူးပေါင်းသွားမယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကလလတ