သထုံ၊ အောက်တိုဘာ(၂၈)

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်အမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး အချိန်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ညမထွက်ရအမိန့်ကို အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတာဖြစ်ပြီး အခုအခါမှာတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်မှုဟာ သထုံမြို့နယ်မှာ လာမယ့်သီတင်းကျွတ်ပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ သထုံမြို့နယ်အတွင်းမှာ ညမထွက်ရအမိန့်အဖြစ် ည ၈ နာရီကနေ မနက် ၄ နာရီ၊ အဲဒီနောက် ည ၁၀ နာရီကနေ ၄ နာရီအဖြစ် ပြောင်းလဲသတ်မှတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒေသခံတစ်ဦးကတော့ ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် သွားရေးလာရေး အဆင်ပြေလာနိုင်ပေမယ့် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးနင်းခွင့် ကန့်သတ်ချက်ကြောင့် အခက်အခဲတွေ ရှိသေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၆ ရက်နေ့ကစပြီး သထုံမြို့နယ်အတွင်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်အနောက် အမျိုးသားမလိုက်ရဆိုတဲ့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.