“အာဏာသိမ်းပြီး ပြည်တွင်းမှာအလုပ်မရှိလို့ အိုမန်တို့၊ စင်ကာပူတို့လောက် သွားရင်လည်း အိမ်ဖော်အဖြစ်ပဲ သွားရတဲ့အခါကျတော့ လုပ်ငန်းခွင်မှာ အဆင်မပြေကြဘူး။ စာချုပ်စာတမ်းတွေနဲ့ သွားတာဆိုတော့ သည်းမခံနိုင်တဲ့အဆုံး အဆုံးစီရင်သွားတာတွေလည်း ကြားနေရတယ်“
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စစ်တမ်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်ထုတ်ပယ်ခံရမှုနှုန်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ အဲဒီထဲမှာ အမျိုးသမီးတွေ အများဆုံးပါဝင်နေတာပါ။ တဖက်မှာတော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုပြဿနာတွေကြောင့် လူကုန်ကူးသူ တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။
ဒါကြောင့် အာဏာသိမ်းကာလ အမျိုးသမီးတွေ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတဲ့ အခြေအနေ၊ လူကုန်ကူး ပစ်မှတ်ဖြစ်လာတဲ့ အကြောင်းအရင်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အမျိုးသမီးကော်မတီတာဝန်ခံ ဒေါ်ခင်သန္တာမိုးနဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လုပ်ငန်းခွင်တွေအတွင်း ဖိနှိပ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဒေါ်ခင်သန္တာမိုး – အထည်ချုပ်လုပ်ငန်းခွင်တွေက အဓိကအမျိုးသမီးတွေ အများဆုံးနေရာဖြစ်တယ်။ အရင်တုန်း က လုပ်ခလစာလေးနဲ့ အလုပ်အကိုင်ကလည်း အထိုက်အလျောက် အဆင်ပြေနေတဲ့အတွက် အဲဒီအချိန်က အရမ်းဒုက္ခမရောက်ဘူးလို့ ပြောလို့ရတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတွေမှာ အမျိုးသမီးတွေအနေနဲ့က ပိုပြီး တော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးရှားလာတယ်။ အမျိုးသမီးတွေကို အမှီခိုခံလို့ အများအားဖြင့် ထင်ကြတယ်။ အမှန်တော့ အမျိုးသမီးတွေက အမှီခိုခံမဟုတ်ဘူး။ နာမည်တပ်ခံနေရတာ တစ်ခုပဲရှိတယ်။ သူတို့က စားဝတ်နေရေးရော၊ အိမ်ထောင်တာဝန်ပါ မိသားစုတစ်စုရဲ့ တာဝန်မှန်သမျှကို အမျိုးသားတွေထက် ပိုပြီး ထမ်းဆောင်ရတယ်။ ပိုပြီးစိတ်ဖိစီးမှုတွေများတယ်။ အထည်ချုပ်လုပ်ငန်းခွင်ထဲမှာလည်း အမျိုးသမီးတွေက များတဲ့အတွက် အခုအာဏာသိမ်းပြီးနောက်ပိုင်းဆို ပိုဆိုးလာတယ်။
နာမည်ကြီးတံဆိပ်တွေကလည်း ပြည်တွင်းကနေ ထွက်ခွာမယ့်အကြောင်းပြချက်တွေနဲ့ လုပ်သားလျော့ချတာ တွေလည်း စက်ရုံတွေထဲမှာ ရှိလာတယ်။ အများဆုံးက အမျိုးသမီးတွေဖြစ်တော့ အမျိုးသမီးအလုပ်သမားတွေ က အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးရတယ်။ နောက်ပိုင်းတွေမှာ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်တော့လည်း ဒီအစိုးရက အမျိုးမျိုးဖိနှိပ်မှုတွေရှိတယ်။ အဲဒီကြားထဲမှာ စွန့်စားပြီး မိသားစုကိုခွဲပြီး တချို့အမျိုးသမီးတွေ ကျတော့လည်း အိုမန်၊ စင်ကာပူလိုနေရာမျိုးတွေမှာ စွန့်စားအလုပ်လုပ်ကိုင်တဲ့အခါကျတော့ အဆင်မပြေမှုတွေ များတယ်။ ဘာသာစကားကမကျွမ်းကျင်တာနဲ့ ကိုယ်ကျင်လည်ခဲ့တဲ့ လုပ်ငန်းခွင်မဟုတ်တော့ ရိုက်ခတ်မှုဒဏ်တွေက ပိုပြီးများတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဆုံးရှုံးမယ်။ အဲဒီထဲမှာ အမျိုးသမီးတွေက ပိုပြီးခံစားရတယ်ပေါ့။
သံလွင်တိုင်းမ် – အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီးနောက် အမျိုးသမီးတွေ ဘယ်လို ပြဿနာတွေကို အဓိက ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။
ဒေါ်ခင်သန္တာမိုး – အမျိုးသမီးတွေ ပိုကြုံရတာက အိမ်ရဲ့လုံခြုံရေးနဲ့ နောက်မိသားစုစားဝတ်နေရေးမှာ အမျိုးသမီးတွေ အပေါ်ကိုပဲ ပုံကျလာသလို ကျွန်မတော့ မြင်တယ်။ ရန်ကုန်မှာဆို အမျိုးသားတွေ အလုပ်လက်မဲ့တွေများတယ်။ အမျိုးသားတွေ အများဆုံးအလုပ်လုပ်ကိုင်ရတာက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဖြစ်တယ်။ အဲဒီ လုပ်ငန်းခွင်တွေက ပိတ်သိမ်းလိုက်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ဝင်ငွေပေါ်မှာမှီခိုရတဲ့ အမျိုးသားတွေပိုများလာတယ်။ ဒီမိသားစုစားဝတ်နေရေးအလုံးစုံကို ဒီအမျိုးသမီးတွေက တာဝန်ယူနေရတာများတယ်။ အမျိုးသမီးတွေမှာ ရိုက်ခတ်မှုဒဏ်တွေ ပိုခံစားရတယ်လို့ ထင်တယ်ဒီကာလမှာလေ။
သံလွင်တိုင်းမ် – ဒီနောက်ပိုင်း အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့် အခုလို ဖြစ်လာတာလဲ။
ဒေါ်ခင်သန္တာမိုး – အလုပ်အကိုင်အခွင့်အလမ်းတွေရှားပြီး မိရိုးဖလာလုပ်ကိုင်မှုတွေ လုပ်လို့မရတဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေက အမျိုးသမီးတွေကျတော့ ကိုယ့်ရဲ့မူရင်းအလုပ်တွေကို မလုပ်နိုင်တဲ့အတွက် ပြင်ပနိုင်ငံတွေ ကိုထွက်ပြီးတော့ အလုပ်လုပ်ဖို့ ကြိုးစားတဲ့အခါကျရင် လူကုန်ကူးမှုရဲ့ အဓိကပစ်မှတ်ဖြစ်တယ်။ အလုပ်ရချင် ဇောတစ်ခုနဲ့ အလုပ်အကိုင်ရှားတော့၊ ဝင်ငွေမရှိတော့ ဝင်ငွေနဲ့ ကိုယ့်မိသားစုကို ထောက်ပံ့ချင်တော့ အလုပ်ရရင် ပြီးရောဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ပွဲစားတွေများလာတယ်။ လူကုန်ကူးမှုတွေကလည်း အဓိက ပြဿနာဖြစ်လာတယ်။ မြန်မာပြည်နဲ့ အနီးစပ်ဆုံး ထိုင်းကိုလာတယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ဒီလောက်ထိ ပေါများတာမဟုတ်ဘူး။ နောက်ဆုံးလူကုန်ကူးတဲ့နေရာတွေကို ရောက်သွားတယ်။ ကူညီတဲ့ သူတွေနဲ့တွေ့ရင် ပြဿနာမရှိဘူးပေါ့။ ကူညီပေးမယ့်သူမရှိလို့ ဒုက္ခရောက်သွားတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။
သံလွင်တိုင်းမ် – အမျိုးသမီးတွေဟာ အာဏာသိမ်းကာလအတွင်း အဆိုးဝါးဆုံး ထိုးနှက်မှုတွေနဲ့ ခံနေရပါတယ်။ ဘာကြောင့် အခုလို အခြေအနေတွေ ဖြစ်လာတာလဲ။ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ဒေါ်ခင်သန္တာမိုး – စစ်အာဏာသိမ်းမှုကြောင့် အားလုံးရိုက်ခတ်တဲ့ဒဏ်တွေ အားလုံးခံစားနေရတာပေါ့။ အာဏာ သိမ်းမှုကြောင့် နောက်ဆက်တွဲခံစားရတဲ့ အကျိုးဆက်တွေဖြစ်တယ်။ အဲဒီအကျိုးဆက်ကို အမျိုးသမီးတွေ အများဆုံးခံစားရတယ်။ အရင်ကဆိုလုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာထိပါးတာတွေ သိပ်မကြားရဘူး။ ဖြစ်လေ့ ဖြစ်ထနည်းတဲ့ အရာတစ်ခုလို့ ပြောလို့ရတယ်။ အခုနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကို ပေါ်ပေါ်ထင်ထင်ပဲ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ပြီး အသက်သေဆုံးတဲ့အထိ ခံစားရတဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေရှိတယ်။
နောက်ဆုံးလူကုန်ကူးမှုခံရတဲ့ အဓိကပစ်မှတ်ကလည်း အမျိုးသမီးတွေ ဖြစ်နေတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်အ ကိုင် အခွင့်အလမ်းတွေ ရှားပါးလို့ တခြားနိုင်ငံရောက်တဲ့အခါကျတော့ အိုမန်တို့၊ စင်ကာပူတို့လောက် သွားရင်လည်း အိမ်ဖော်အဖြစ်ပဲ သွားရတဲ့အခါကျတော့ ဒီလိုမျိုးဆိုတာ ကိုယ့်နိုင်ငံလည်း မဟုတ်ဘူး၊ အဆင်မပြေဘူး ဆိုတာ လုပ်ငန်းခွင်မှာ အဆင်မပြေဘူးဆိုပြီး ခဏလေးနဲ့ ထွက်လို့မရဘူးပေါ့။ စာချုပ်စာတမ်းတွေနဲ့ သွားတာ ဆိုတော့ သည်းမခံနိုင်တဲ့အဆုံး အဆုံးစီရင်သွားတာက လွတ်မြောက်ရာဖြစ်တယ်ဆိုပြီး ရွေးချယ်သွားတဲ့အရာ တွေလည်း ကြားနေရတယ်။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲမှာ အမျိုးသမီးတွေက အခွင့်အရေးတွေ ပိုဆုံးရှုံးနေတယ်။ အခွင့်အရေးတွေ ဆုံးရှုံးမှုဒဏ်ကိုလည်း အမျိုးသမီးတွေက အများဆုံးခံစားနေရတယ်။
သံလွင်တိုင်းမ် – ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးရရှိဖို့ ဘာတွေအကြံပြုချင်တာ ရှိမလဲ။ နိုင်ငံတကာကိုရော ဘာတွေတောင်းဆိုချင်တာရှိလဲ။
ဒေါ်ခင်သန္တာမိုး – ILOပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို ကာကွယ်ရမယ့် ဥပဒေတွေဆိုတာလည်း မြန်မာပြည်မှာက အမျိုးသမီးကို ကာကွယ်ပေးမယ့် ဥပဒေဆိုတာက ရှိပေမယ့် အခုချိန်ထိ အကောင်အထည်ဖော်ပြီးတော့ သီးသန့်အမျိုးသမီးတွေအပေါ်ကို ကာကွယ်ပေးတယ်ဆိုတာလည်း ပီပြင်စွာမမြင်ရဘူး။ နိုင်ငံ တကာ အသိုင်းအဝိုင်းကလည်း ပြည်သူတွေနဲ့ ရပ်တည်ပြီး ပြည်သူတွေကို မြန်မာပြည်သူပြည်သားတွေနဲ့ အမျိုး သမီးတွေအပေါ်ကို ကျူးလွန်နေတဲ့ ပြစ်မှုတွေကို သိသာထင်ရှားစွာ ဘာမှမလုပ်ပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ကျွန်မတို့က ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီးတော့ ရှေ့ဆက်လျှောက်နေရတဲ့ အခြေ အနေတွေလည်းဖြစ်တယ်။ ဒီစစ်ဒဏ်ကို အမျိုးသမီးတွေတင် မဟုတ်ဘူး။ အကုန်လုံးတစ်တိုင်းပြည်လုံး ခံစားနေရတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ပိုခံစားရတယ်။
မြန်မာပြည်သူ ပြည်သားတွေနဲ့ ရပ်တည်ပြီး ILOကလည်း ပြတ်သားစွာ ပြည်သူတွေနဲ့ ရပ်တည်ပြီး ကူညီပေးစေချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကလည်း ဒီမြန်မာပြည်သူတွေနဲ့ အမျိုးသမီးတွေ အပေါ် ကို ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ဒီစစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဥပဒေတွေနဲ့ အရေးယူစရာရှိတာ ယူပြီး ကျွန်မတို့ ပြည်သူတွေနဲ့ ရပ်တည်စေချင်ပါတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ဘာများပြောပြချင်တာ ရှိမလဲ။
ဒေါ်ခင်သန္တာမိုး – အမျိုးသမီးတွေအနေနဲ့ အခုတော်လှန်ရေးနဲ့အတူ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကိုလည်း ပြတ်ပြတ်သားသား ရပ်တည်နိုင်အောင် ကျွန်မတို့ ကြိုးစားနေတယ်။ အမျိုးသမီးတွေ အပါကလေးသူငယ်တွေကအစ စစ်တပ်ကကျူးလွန်နေတဲ့ ပြစ်မှုတွေကို မှတ်တမ်းတွေနဲ့ ပြုစုထားတယ်။ ဒါ တွေကိုလည်း နောင်တစ်ချိန်ကျရင် သူတို့တာဝန်ပြန်ခံရမယ်။ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ဒီတော်လှန်ရေး ကာလမှာ အမျိုးသားတွေနဲ့အတူတူပဲ ကျွန်မတို့ရင်ဘောင်တန်းပြီး စစ်မြေပြင်တွေမှာဆိုလည်း ကျွန်မတို့ အရမ်း ကိုတော်တဲ့ သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတွေပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့က အမှီခိုခံမဟုတ် ဘူး။ ခေတ်တိုင်းစနစ်တိုင်းမှာ ကျွန်မတို့ အမျိုးသမီးတွေမပါဘဲ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ မရနိုင်ဘူးလို့ကျွန်မအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်ပါတယ်။