ထားဝယ်၊ အောက်တိုဘာ(၂၈)

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီ ဦးစီးကျင်းပမယ့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ပြည်သူတွေအနေနဲ့ သွားရောက်ဆင်နွှဲတာတွေမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျရောက်မယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို ထားဝယ်မြို့ ကမ်းနားလမ်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။

စစ်ကောင်စီကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို နိုင်ငံတဝန်းက ဝမ်းနည်းပူဆွေးနေတဲ့ ပြည်သူတွေအား အလေးထားတဲ့အနေနဲ့ ပါဝင်ဆင်နွှဲတာမလုပ်ဖို့ ဒေသတော်လှန်ရေးအင်အားစု ၆ ဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

ထားဝယ်-ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရောင်နီကတော့ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူနဲ့သရက်ချောင်းမြို့နယ်တို့မှာ ဒေသခံနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရတဲ့အတွက် စာနာတဲ့စိတ်နဲ့ မပါဝင်ဖို့လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲဟာ ထားဝယ်လူမျိုးတွေပိုင်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့အတွက် စစ်ကောင်စီကျင်းပမယ့် သပိတ်မျှောပွဲမသွားဘဲ ကိုယ်အစီအစဉ်နဲ့ သီးခြားနေရာတွေမှာ လုပ်ဆောင်သင့်တယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက အကြံပြုပါတယ်။

ထားဝယ်ပြည်သူအများစုကတော့ စစ်ကောင်စီကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲမှာ ပါဝင်ဆင်နွှဲမှာ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ထားဝယ်သပိတ်မျှောပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဖျော်ဖြေရေးမဏ္ဍပ်အနီး အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.