နေပြည်တော်၊ အောက်တိုဘာ(၂၈)
မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး မတရား အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်က သူတို့ကို ပြည်ပနိုင်ငံအများစု အသိအမှတ်ပြုတာ မရှိဘူးလို့ ညည်းညူပြောဆိုလာတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ ကောင်စီအဖွဲ့ဝင်တွေနဲ့တွေ့ဆုံစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညည်းညူပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က အချို့ပြည်ပနိုင်ငံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံပြီး ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံနဲ့အညီ နိုင်ငံတော်တာဝန်ယူခဲ့မှုအပေါ် အသိမှတ်ပြုမှုမရှိခဲ့တာက ရှေ့နောက်မညီတဲ့ ပြောဆိုမှုနဲ့ စံနှစ်မျိုးကျင့်သုံးခြင်းလို့ ဆိုပါတယ်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်ကတော့ စစ်တပ်က ဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်ပြီး အာဏာသိမ်းတာနဲ့ ဖြေရှင်းတာဖြစ်တဲ့အတွက် နိုင်ငံတကာက အသိအမှတ်မပြုတာလို့ သုံးသပ်ပါတယ်။
“မင်းအောင်လှိုင်က စစ်တပ်ကို အသုံးချပြီး အာဏာသိမ်းလိုက်တဲ့အခါမှာ ဒါကဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီလမ်းကြောင်းဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းအရလုပ်တဲ့ ရွေးကောက်ပွဲမှာ မသမာမှုရှိခဲ့ရင် မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုပြီး နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းရမယ့်အပေါ် စစ်တပ်အာဏာသိမ်းပြီး ဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်ပြီး အာဏာသိမ်းတာနဲ့ ဖြေရှင်းတာဖြစ်တဲ့အတွက် နိုင်ငံတကာက အာဏာသိမ်းမှုကို အသိအမှတ်မပြုတာလို့ ကျွန်တော်တို့အနေနဲ့ ယူ ဆပါတယ်”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖမ်း ဆီးထိန်းသိမ်းပြီး အာဏာသိမ်းယူခဲ့တာပါ။
နိုင်ငံတကာကနေ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲဖို့ တိုက်တွန်းနေစဉ်မှာပဲ ၂၀၂၁ ခုနှစ် ဇူလိုင်နောက်ဆုံးပတ်မှာ စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ မဲရလဒ်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီကို နိုင်ငံတကာ မထောက်ခံတာဟာ မဲမသမာမှုဖြစ်စဉ်အပေါ် အာဏာသိမ်းဖိုမလိုဘဲ ဖွဲ့စည်းပုံကိုအကြောင်းပြပြီး အာဏာလိုချင်လို့ သိမ်းတဲ့အဓိကအချက်လို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာက မထောက်ခံဘူးဆိုတာ လက်ရှိဖြစ်ပေါ်တဲ့ အာဏာသိမ်းဖို့ မလိုတဲ့အချက်၊ (စွပ်စွဲထားတဲ့ မဲမသမာမှု) ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရမယ့်အချက်။ ဒုတိယက တရားဝင်ပြည်သူတွေ အာဏာပေးထားတဲ့ ကိုယ်စားလှယ်တွေကို ထောင်သွင်းဖမ်းဆီးတာ လုပ်တာကမဖြစ်သင့်တဲ့အချက်ပေါ့။ နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးမှာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ NLD ကို ရစရာမရှိအောင်လုပ်လိုက်တဲ့ကိစ္စ။ နိုင်ငံရေးရိုးသားမှုမရှိဘူး။ တကယ်တမ်း လိုအပ်လို့သိမ်းတာ မဟုတ်ဘဲ ဖွဲ့စည်းပုံကိုအကြောင်းပြပြီး အာဏာလိုချင်လို့သိမ်းတယ်။ အဲဒီအချက်က အဓိကအချက်ပဲလို့ ကျွန် တော်တို့ကမြင်တယ်”လို့ သူက ဆိုပါတယ်။
မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေ အသိအမှတ်ပြုတာမရှိသလို အာဏာ သိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျုးလွန်နေတဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ချမှတ်ထားတာပါ။
ဒါ့အပြင် အာဆီယံကလည်း မြန်မာအရေးအကျပ်အတည်း ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည် ဖော်ဆောင်ခြင်းမရှိတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ကန့်သတ်ထားတာပါ။
ပြည်ပနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုမခံရတဲ့ စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားတို့နဲ့သာထိတွေ့ဆက်ဆံနေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ရင်ဆိုင်နေရတဲ့ သံတမန်ရေးတိုက်ပွဲတွေမှာ အဘက်ဘက်က ရှုံးနိမ့်နေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်တပ် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်းအကြိမ် ၁၀,၀၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar က ပြီးခဲ့တဲ့သြဂုတ်လမှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုစ တင်ချိန်ကနေ ဒီကနေ့အထိ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၄၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၉,၆၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP