ကျိုက်ထို၊ အောက်တိုဘာ(၂၈)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၂) ခြေလျင်တပ်ရင်းကနေ ဌက်ပျောတောကျေးရွာထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ငှက်ပျောတောကျေးရွာနေ ဦးထွန်းဝင်းတို့ နေအိမ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ်တွေဖြစ်တဲ့ ဦးထွန်းဝင်း၊ ဒေါ်ကတုံးမနဲ့ အသက် ၃၀ အရွယ် ဒေါ်မိဝင်းတို့ လက်နဲ့ ဦးခေါင်းတွေမှာ မိုင်းစထိမှန် ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ ဒေါ်ကတုံးမကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး ဒီနေ့အထိဆေးရုံက ပြန်ဆင်းလာခြင်း မရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၂ ရက်နေ့က ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တွေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် KNU ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် လက်ပံပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မဲရုံးလေးကျေးရွာနေ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU