လားရှိုး ၊ အောက်တိုဘာ (၂၇)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိပ်နင်းရေး ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အဖွဲ့ (AA)၊ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်မှာ ထုတ်ပြန်ကြေညာပါတယ်။

ညီနောင် ၃ ဖွဲ့ရဲ့ ဒီစစ်ဆင်ရေးဟာ ၁၀ လပိုင်း ၂၇ ရက်နေ့မှာ စတင်တဲ့အတွက် ၁၀၂၇ လို့ အမည်ပေးထားကြောင်း သုံးသပ်ရပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ရေး မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေး မိမိတို့ ဒေသကို အခုထက် ပိုမိုထိန်းချုပ်နိုင်ရေး မိမိတို့အဖွဲ့အစည်းတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ဟန့်တားနိုင်ရေး အခုလို ပူးတွဲထုတ်ပြန်လာတာပါ။

ဒါ့အပြင် မြန်မာလူထုတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ တရုတ်-မြန်မာ နယ်စပ်အပါအဝင် နိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး အွန်လိုင်းဂိမ်းကုမ္ဗဏီတွေနဲ့ အဲဒီလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ စစ်ကောင်စီ အပေါင်းအပါတွေကို စစ်ဆင်ဖို့ ဖြစ်ပါတယ်။

ဒီကနေ့ မနက် ၄ နာရီဝန်းကျင်ကစပြီး ညီနောင် ၃ ဖွဲ့တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ တိုးဂိတ်တွေ၊ရဲကင်းစခန်းတွေ မြို့အထိုင်တပ်တွေကို ကချင်လွတ်လပ်ရေးတော်မတော် (KIA) နဲ့အတူ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေတာပါ။

ညီနောင် ၃ ဖွဲ့တို့ဟာ ဆယ်စုနှစ်နီးပါးအချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွေသာမက စစ်မြေပြင်မှာပါ တစ်ယောက်ကိုတစ်ယောက် အသက် သွေး ချွေး ပေးဆပ်မှုများစွာနဲ့ စည်းစည်းလုံးလုံး အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ရေးနိုင်ငံရေးအ မဟာမိတ်ညီနောင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

တစ်ဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲ့က လေးစားအသိအမှတ်ပြုပြီး ဘယ်ကိစ္စတွေမဆို စိတ်ရင်းစေတနာမှန်နဲ့ အကောင်းဆုံးကူညီဖေးမခဲ့ကြပြီး တစ်ဖွဲ့ရဲ့ ပြဿနာဟာ သုံးဖွဲ့စလုံးရဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ မူဝါဒကို ချမှတ်ပြီး ဒီကနေ့အထိ ပူးပေါင်းလုပ်ဆောင်နေတာလို့ ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မတူညီတဲ့ နိုင်ငံရေး စစ်ရေး စိန်ခေါ်မှုတွေကို ဆယ်စုနှစ်တစ်ခုနီးပါး အတူတကွ ခါးစည်းခံခဲ့ကြရပေမယ့် မယိမ်းယိုင်တဲ့ ခံယူချက်တွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး အတူတကွ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့အပြင် ဆက်လက်ပြီး ခိုင်မာစွာ လက်တွဲကာ ရပ်တည်သွားကြမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.