ဝါရှင်တန်- အောက်တိုဘာ(၂၈)
အီရန်နဲ့ ဆက်နွယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ကို အရှေ့အလယ်ပိုင်းဒေသထံ စေလွှတ်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့စစ်ပွဲ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အရှေ့လယ်ပိုင်းက အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ အီရတ်မှာ အနည်းဆုံး ၁၂ ကြိမ်နဲ့ ဆီးရီးယားမှာ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက ဆိုထားတာပါ။
အီရန်နဲ့ သူတို့ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေကို ဟန့်တားဖို့ ကြိုးပမ်းမှုအဖြစ် ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကစပြီး အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောနှစ်စင်း အပါအဝင် ဒေသတွင်းကို စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီးနောက် အဲဒီဒေသမှာ တပ်ဖွဲ့ဝင်ဦးရေ ထောင်နဲ့ချီရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
အီရန် ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်စစ်တပ်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ကာကွယ်ဖို့ အစီအမံသစ်တွေ လုပ်ဆောင်နေတယ်လို့ ရိုက်တာမှာဖော်ပြထားပြီး လိုအပ်ရင် စစ်ဘက်မိသားစုဝင်တွေကို ရွှေ့ပြောင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။
အဲဒီအစီအမံတွေမှာ အမေရိကန်စစ်တပ်ရဲ့ ကင်းလှည့်မှုတွေ တိုးမြှင့်တာ၊အခြေစိုက်စခန်းတွေကို ဝင်ရောက်ခွင့် ကန့်သတ်တာအပြင် ဒရုန်းနဲ့ တခြားထောက်လှမ်းရေး စစ်ဆင်ရေးတွေ အပါအဝင် ထောက်လှမ်းရေး စုဆောင်းမှု တိုးမြှင့်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်ဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေအပေါ်မှာရှိတဲ့ အစောင့်မျှော်စင်တွေမှ စောင့်ကြပ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး အခြေစိုက်စခန်းဝင်ပေါက်တွေမှာ လုံခြုံရေး တိုးမြှင့်ကာ ဖြစ်နိုင်ခြေရှိတဲ့ ဒရုန်းတွေ၊ ဒုံးပျံတွေနဲ့ ဒုံးကျည်တွေကို တန်ပြန်နိုင်ဖို့ စစ်ဆင်ရေး တွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေအပေါ် အစ္စရေးရဲ့ လက်တုံ့ ပြန်မှုမပြီးဆုံးမချင်း အမေရိကန်ပြည်ထောင်စုဟာ အဲဒီမီးတောက်မှ လွတ်မြောက်လိမ့်မှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ယီမင်ကမ်းလွန်မှာ အမေရိကန် စစ်သင်္ဘောတစ်စင်းဟာ အီရန် ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီတပ်ဖွဲ့တို့ ပစ်လွှတ်ခဲ့တဲ့ ဒရုန်းတစ်ဒါဇင်ကျော်နဲ့ ခရုဇ် ဒုံးကျည် ၄ စင်းကိုလည်း ပစ်ချခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters