နယူးဒေလီ – အောက်တိုဘာ(၂၈)

ကာတာအစိုးရဟာ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယနိုင်ငံသား ၈  ဦးကို သေဒဏ် ချမှတ်ခဲ့တဲ့အတွက် အိန္ဒိယအစိုးရက စိုးရိမ်မှုတွေရှိနေပြီး သေဒဏ်ချမှတ်ခံရသူတွေ ထဲမှာ ရေတပ်အရာရှိဟောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သေဒဏ်ချမှတ်ခံရမှုအပေါ် ကာတာအစိုးရထံ အယူခံဝင်ဖို့ရှိနေသလို အကျဉ်းသားတွေကိုလည်း ဥပဒေအထောက်အပံ့ပေးနိုင်ဖို့ သံကိုယ်စားလှယ်တွေကတဆင့် ဆောင်ရွက်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Al Dahra ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသားဝန်ထမ်း ၈ ဦးအား သေဒဏ်ချမှတ်မှုအပေါ် အထူးထိတ်လန့်ရသလို ကာတာတရားစီရင်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ အိန္ဒိယနိုင်ငံသားတွေ အလုပ်လုပ်ကိုင်တဲ့ အာရပ်ပင်လယ်ကွေ့ အခြေစိုက် AI Dahra ကုမ္ပဏီဟာ အာကာသ၊လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေအတွက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသားတွေကို သေဒဏ်ချမှတ်မှုဖြစ်စဉ်အပေါ် ကာတာအစိုးရထံကနေ အတည်ပြုချက် မရသေးဘူးလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ပတ်သက်ပြီး အသေးစိတ် ပြောဆိုထားတာမရှိပေမယ့် ဒီဖြစ်စဉ်ကို လျှို့ဝှက်စွာ လုပ်ဆောင်ပြီး ဥပဒေကြောင်းအရ လုပ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အိန္ဒိယ ရေတပ်အရာရှိ တပ်မှူးဟောင်းတွေ ပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.