မော်လမြိုင်၊ အောက်တိုဘာ(၂၇)

မွန်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်ကြောင်းပြသဖို့အတွက် သီတင်းကျွတ်တော်ပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ စစ်ကောင်စီက နေရာဒေသအများစုမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်စစ်ကောင်စီဟာ ကျိုက်ထီးရိုးဘုရားပွဲတော်နဲ့ ကျိုက်ခမီဘုရားပွဲတော်တွေကို အကြီးအကျယ် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ထားသလို ရပ်ကွက်ကျေးရွာတွေမှာလည်း ဘုရားပွဲ တော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခွင့်ပြုထားတာ ဖြစ်ပါတယ်။

သီတင်းကျွတ်ကာလအတွင်း ဘုရားပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ စစ်ကောင်စီဟာ သက်ဆိုင်ရာမြို့နယ်တွေရဲ့ မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ပိတ်ဆို့ရှာဖွေ စစ်ဆေးရာမှာလည်း မသင်္ကာတဲ့လူငယ်တွေကို တစ်ခါတည်းဖမ်းဆီးဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လှုပ်ရှားမှုသတင်း အမြဲမပြတ်နားစွင့်ထားဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ နဲ့နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အရပ်ဝတ်နဲ့ ရပ်ကွက်ကျေးရွာတွေအတွင်း လှည့်လည်ပြီး စုံစမ်းစောင့်ကြည့်တာနဲ့ ဧည့်စာရင်းစစ်ဆေးမှုတွေ နေ့စဉ်ပြုလုပ်ကြဖို့ အထူးညွှန်ကြားထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သူ့လက်ထက်မှာ မွန်ပြည်နယ်ဟာ စည်ကားပြီး အေးချမ်းတည်ငြိမ်လိုတဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်တယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ဇာတ်သဘင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီဟာ ပွဲတော်တွေကျင်းပပြီး နယ်မြေတည်ငြိမ်ကြောင်း ပုံဖော်လာနိုင်ပြီး ပွဲတော်တွေအတွင်း ပြည်သူတွေနဲ့ PDF အကြား သွေးခွဲမယ့် ဗုံးဖောက်ခွဲမှုတွေ လုပ်လာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် လာမယ့်ပွင့်လင်းရာသီကစပြီး စစ်အာဏာရှင်ပြုတ်ကျရေး စစ်ဆင်ရေးတွေ တိုးမြှင့်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်သွားလာကြဖို့နဲ့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ဖို့လည်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးတိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.