သရက်ချောင်း၊ အောက်တိုဘာ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ဒေသခံ ကိုညီညီကိုရဲ့ ရုပ်အလောင်းကို အောက်တိုဘာ၂၆ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်က ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်းစပ်အနီး မြေမြှုပ်ထားစဉ် ခြေထောက်ပေါ်နေလို့ ဒေသခံတွေ ပြန်လည်တွေ့ရှိခဲ့တာပါ။
ကိုညီညီကိုရဲ့အလောင်းပြန်တွေ့ချိန် လက်ပြန်ကြိုးတုပ်ထားပြီး ဦးခေါင်းတစ်ခုလုံး အကြိမ်ကြိမ်ရိုက်နက်မှုကြောင့် ကြွေမွသေဆုံးနေတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ရငဲရွာထဲ စစ်ကြောင်းထိုးလာပြီးနောက် ကိုညီညီကိုအပါအဝင် ဒေသခံ ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။
ကိုညီညီကိုနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ နောက်ထပ် ဒေသခံ ၂ ဦးလည်း ထပ်မံပျောက်ဆုံးနေတဲ့အတွက် မိသားစုတွေက စိုးရိမ်ပူပန်မှု မြင့်တက်နေပါတယ်။
ရငဲကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၂ ဦးနဲ့ ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၂၉ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ