ချင်းရွှေဟော် – အောက်တိုဘာ(၂၇)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းရွှေဟော်မြို့က မြို့အဝင်ဂိတ်၊ ဖောင်ဆိပ်စခန်းနဲ့ ရော်ဘာတော် စစ်တပ်ဗျူဟာကုန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီနေ့မနက်အစောပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊သိန္နီ၊ကွတ်ခိုင်၊တာမိုးနဲ၊နမ့်ဖက် ကာ၊မူဆယ်၊နမ့်ခမ်း၊ဆယ်လန့်၊ကွမ်းလုံ၊ဟိုပန်၊ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တွေကို တပြိုင်ထဲ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာပါ။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ ULA/AA တို့ကအထူးဒေသ(၁) နဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီအမြစ်ဖြတ်ချေမှုန်းရေး (၁၀၂၇) စစ်ဆင်ရေး စတင်ပြီလို့ အသိပေးထားပါတယ်။
ချင်းရွှေဟော်တိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံရဲတွေ အများအပြားသေဆုံးတာ တွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိနေပြီး ချင်းရွှေဟော်ကိုသွားတဲ့ ဟိုပန်မြို့နယ်၊ သိန္နီ-ကွမ်းလုံ-ဟိုပန်-မိုင်းမော လမ်းပေါ်မှာရှိတဲ့ နမ့်တိမ်တံတားလည်းဖောက်ခွဲခံရပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ နှစ်ဘက်တိုက်ပွဲတွေကြောင့် တရုတ်ဘက်က နယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ထားသလို နယ်စပ်ကုန်သွယ်ရေးတွေလည်း လုံးဝရပ်တန့်သွားပြီလို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်မြို့ဟာ တရုတ်နိုင်ငံနဲ့ နယ်နမိတ် ထိစပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တရုတ်ဘက်ကတော့ ဒုက္ခသည်တွေအတွက် လမ်းကြောင်း တရားဝင်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media