ကျွန်းစု၊ အောက်တိုဘာ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပြည်သူ့စစ်(ဒေသအခေါ်) ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပျူစောထီးအင်အား ၂၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ အဲဒီစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းမှာ တနင်္သာရီ (ပကဖ) ၊ အရိပ်ပြောက်ကျားတပ်ဖွဲ့ ပုလော(ပကဖ)နဲ့ကျွန်းစု(ပကဖ)ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီစီးနင်းမှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ပျူစောထီးအဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် ထိခိုက်မှုအသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။
ပျုစောထီးစခန်း စီးနင်းခံရတဲ့အတွက် အောက်တိုဘာ ၂၅ ရက်နေ့က မြိတ်မြို့ကနေ စစ်ကူလာတဲ့ စစ်ကားသုံးစီးကို တောင်ပုကျေးရွာတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက်အတိအကျ ဆက်လက်စုံစမ်းနေတယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တဆက်တည်း အဲဒီနေ့မှာ နေ့လည် ၁၁ နာရီအချိန်ခန့်ကလည်း တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေး ရွာအနီးမှာ စစ်ကောင်စီအမှတ်(၃၀၆) အမြောက်တပ်ရဲ့ အင်အား ၁၀ ဦးပါ လိုက်လာတဲ့ ကားတစ်စီးကို ထပ်မံခြုံခိုတိုက်ခိုက်ခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေက လာမယ့်ပွင်းလင်ရာသီကစပြီး တနင်္သာရီတိုင်းအတွင်းမှာ ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တနင်္သာရီ ပကဖ