ကော့ကရိတ်၊ အောက်တိုဘာ(၂၇)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ဆင်ကုန်းကျေးရွာဘက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၃ ရင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ မနက် ၅ နာရီကနေ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား အာရှလမ်းမအနီး (တနေမူး)လမ်းခွဲတစ်နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ခမရ ၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကိုအပါအဝင် ၆ ဦး သေဆုံးကာ ဒုခွဲမှူး ၁ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် အဲဒီနေ့ မနက် ၁၁ နာရီအချိန်က ကော့ကရိတ်မြို့ ရေကူးကန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၁ တပ်ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တဆက်တည်း အဲဒီနေ့ ညနေ ၃ နာရီ ခွဲအချိန်မှာလည်း ကော့ကရိတ်မြို့နယ် တတန်ကူးကျေးရွာထဲကို ဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံ ၂၀၂ တပ်ရင်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရဟတ်ယာဉ်တစ်စီးနဲ့ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ဆင်ကုန်း၊ မောင်းမရွာသစ်၊ ကမိုင်ကုန်း၊ စတဲ့ ကျေးရွာတွေဘက်ကို ၃ ကြိမ် လှည့်လည်ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့လည်း ရေလည်ကုန်း၊ ဆင်ကုန်း၊ ရွာသစ်ကုန်း၊ နန်းရွှေမှုံ၊ အောင်လှိုင်၊ တတန်ကူးစတဲ့ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ် ရေလည်ကုန်းကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကာ နွား ၁ ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU