နေပြည်တော်၊ အောက်တိုဘာ(၂၆)

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲမှာ အတူတကွလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တွေကို တိုက်တွန်းပါတယ်။

KIA စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာမှာ ဖော်ပြထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) စစ်ဦးစီးချုပ်ဆီကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်တွေထံ ပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့တဲ့အပေါ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဂုဏ်ပြုမှတ်တမ်းစာမှာ မိမိတို့ KIA တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ၊ K-PDF တွေနဲ့ အတူတကွလက်တွဲပြီး မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေအသီးသီးနဲ့ တာဝန်ရှိတပ်မှူးတွေအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIA စစ်ဦးစီးချုပ်ကနေ စစ်ရေးမဟာမိတ်တွေကို အခုလိုဂုဏ်ပြုစာပေးပို့တာဟာ ပထမဆုံးအကြိမ် ကြားရတာဖြစ်ပြီး တခြားနိုင်ငံရေးသဘောအရ ဖြစ်မယ်မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုတလော တိုက်ပွဲတွေဆက်တိုက်နေတဲ့ စစ်ဒေသဦးစီးချုပ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးပို့တဲ့ စာလောက်ပဲဖြစ်မှာပါ။ တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေက ဖြစ်မယ်မထင်ပါဘူး။ အရင်ကလည်း အချင်းချင်းကျေးဇူးတင်တဲ့ ဂုဏ်ပြုစာတွေ ပေးကြတာလားပေါ့။ အခုဒီတကြိမ်က ပထမလားဆိုတာ ကျွန်တော်တော့မသိဘူး။ ဒါပေမယ့် ကြားရတာက ပထမအကြိမ်ကြားရတာ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ နမ့်ကွတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နမ့်ဆန်ယန်ရွာအနီးရှိ အောင်ဂျာစခန်း စစ်တပ်အခေါ် လဲလုံစခန်းကိုလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ အောင်ဂျာစခန်းသိမ်းပွဲမှာ ရန်သူ့အင်အား တစ်ရာကျော် ချေမှုန်းနိုင်ခဲ့ပြီး PDF တပ်မတော်အပါအဝင် KIA ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ အားနဲ့ရယူခဲ့တဲ့ အောင်ပွဲဖြစ်သလို တော်လှန်ရေးထုအင်အားနဲ့ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်းဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကနေ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ စခန်းတွေပြန်လည်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပြီး KIA တပ်မဟာ ၆ ကို လေကြောင်းပစ်ကူ အမြောက်ပစ်ကူတို့နဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ KIA စစ်ဦးစီးချုပ်ရဲ့ ဂုဏ်ပြုလွှာဟာ စစ်ဗျူဟာတစ်ခွင်လုံးမှာ ပါဝင်နေကြတဲ့ မဟာမိတ်တွေအားလုံးကို ဂုဏ်ပြုတဲ့သဘောဖြစ်ပြီး ဟန်ချက်ညီညီ ရှေ့ဆက်သွားရင် စစ်အာဏာရှင်စနစ်ပြတ်အောင် လုပ်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“သူ့ရဲ့ ဂုဏ်ပြုလွှာကတော့ တစ်ခွင်လုံးနဲ့ ပတ်သက်တဲ့ ဗျူဟာတွေပါတာပေါ့။ အားလုံးကိုသူကပြောတဲ့ သဘောမျိုးဖြစ်တော့ ဒါကတစ်ခွင်လုံးဖြစ်ပြီး (ရှမ်းမြောက်နဲ့ နမ့်ဆန်ယန်) တိုက်ပွဲက‌တော့ အဲဒီထဲက အစိတ်အပိုင်းတစ်ရပ်ပေါ့။ ဒါမျိုးတွေ များများဖြစ်ဖို့လိုတာပေါ့။ ဒါကိုရည်ရွယ်ပြီး ပြောပုံရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကျွန်မတို့တတ်နိုင်သမျှ စစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့သူတွေအား လုံးစုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီညီ ရှေ့ဆက်သွားကြမယ်ဆိုရင် ဒီတချီပွဲကိုတော့ ပြတ်အောင် လုပ်နိုင်ပါလိမ့်မယ်ထင်တယ်”လို့ သူက ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ KIO /KIA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ်ကြိုးစားအား ထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIA Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.