ဘန်ကောက်၊ အောက်တိုဘာ(၂၇) 

အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန် သယ်‌ဆောင်လာခဲ့ပြီး သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အစ္စရေးကနေ ထိုင်းနိုင်ငံသားရှစ်ဦးရဲ့ ရုပ်အလောင်း ၈ လောင်းကို သယ်ဆောင်ခဲ့ပါသေးတယ်။ 

အောက်တိုဘာ ၇ ရက်က အစ္စရေးမှာစတင်ခဲ့တဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံသားသေဆုံးသူ ၁၈ ဦးရှိပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း အသက်ရှင်ကျန်ရစ်တဲ့ ထိုင်းနိုင်ငံသား ၃၂၀ ဦးဟာ ထိုင်းအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ အစ္စရေးကနေ ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ 

အစ္စရေး-လက်ဘနွန်နယ်စပ်အနီးရှိ စိုက်ပျိုးရေးခြံမှာ ၈ နှစ်ကျော်လုပ်ကိုင်လာတဲ့ အသက် ၃၂ နှစ်အရွယ် ပြည်တော်ပြန်ထိုင်းနိုင်ငံသားတစ်ဦးရဲ့ ပြောကြားချက်အရ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သူနဲ့ အခြားသော ထိုင်းနိုင်ငံသား ၂ ဦးကို အစ္စရေးစစ်တပ်ဂိတ်အနီးက စခန်းတစ်ခုမှာ ပုန်းခိုဖို့ ဖိအားပေးခံခဲ့ရတာပါ။ 

အဲဒီနောက် အခြေအေနတွေပုံမှန်အတိုင်းပြန်ဖြစ်လာချိန်မှာ အလုပ်ရှင်က ထိုင်းနိုင်ငံသားတွေကို အလုပ် ပြန်ဝင်ခိုင်းတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

သူ့ရဲ့လုံခြုံရေးကို စိုးရိမ်နေမိတာကြောင့် ထိုင်းနိုင်ငံကိုသာ ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ် ပြီး အလုပ်ရှင်ကလည်း ပေးဖို့ကျန်နေသေးတဲ့ လုပ်ခလစာ နှစ်လစာကို ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အစ္စရောက်ထိုင်းနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ ပြည်တော်ပြန်မယ်ဆိုရင် ထိုင်းနိုင်ငံအတွင်း ရှိ သူတို့ နေ ထိုင်ရာ ခရိုင်ဒေသန္တရဲ့ အလုပ်သမားရုံးကို အကြောင်းကြားရမယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒီလိုအကြောင်းကြားပြီးရင်တော့ အလုပ်သမားဝန်ကြီးဌာနကတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်း ကြားပေးမယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ အစ္စရေးအာဏာပိုင်တွေထံ အကြောင်းကြားကာ ထိုင်းနိုင်ငံသားတွေလုံခြုံစွာ ပြန်လာရေးကို စီစဉ်ပေးလေ့ရှိတယ်လို့သိရပါတယ်။ 

အစ္စရေးမှထိုင်းနိုင်ငံကိုပြန်ရောက်လာတဲ့ ထိုင်းနိုင်ငံသားအရေအတွက်မှာ ၄၁၅၀ ရှိပြီး အစ္စရေးအခြေစိုက်ထိုင်း သံရုံးမှာ အိမ်ပြန်ဖို့ အချက်အလက် စာရင်းသွင်းထားတဲ့ ထိုင်းနိုင်ငံသားအရေအတွက် ၈၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

Ref – Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.