မော်လမြိုင်၊ အောက်တိုဘာ(၂၆)

နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၇၀ နီးပါး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှစ်လအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၇၈ ကြိမ် ကျုးလွန်ခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နီးပါး ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၃၁ ဦး ရှိခဲ့ကာ ဘာသာရေးအဆောက်အအုံ ၅၈ ခု၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃ ခု ထိ ခိုက်ပျက်စီးခဲ့ပါတယ်။

ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အောက်တိုဘာ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာအရ ပြီးခဲ့တဲ့ မေလကနေ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်နဲ့စစ်ကိုင်းတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကျုးလွန်ထားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ချင်း၊ ကရင်၊ ကချင်၊ မွန်နဲ့ရှမ်းပြည်နယ်အပါအဝင် မကွေး၊ တနင်္သာရီနဲ့ မန္တလေးတိုင်းတို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထူးခြားမှုအနေနဲ့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ထားတာပါ။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ်သြဂုတ်လအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၈၀ ကျော်သေဆုံးထားပြီး ဒဏ်ရာရသူ ၄၆၀ နီးပါး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.