သရက်ချောင်း၊ အောက်တိုဘာ(၂၆)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ရှိ သရက်ချောင်းမြို့မရဲစခန်းကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ ရဲစခန်းကို အဲဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၃၀၃) ၊ (၃၀၄) အပြင် (၃၀၅) တပ်ရင်းတွေကပါ လက်နက်ကြီးပစ်ကူပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မြောင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကတွဲရွာနဲ့ရငဲရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.