ညောင်လေးပင်၊ အောက်တိုဘာ(၂၆)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မြေနယ် ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ ရက်တာအတွင်း ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဖိုးတနဲ့ ဒေါင်းမို့ကျေးရွာထဲကို စစ်ကောင်စီတပ်အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၃ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ ဖိုးတပ်၊ တောကြောင်ပေါက်ကျေးရွာနဲ့ ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်း၊ ကျောက်တန်း၊ မောင်ပြားနဲ့ ကွင်းတလာကြီးစတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံကျုးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုလုပ်ရပ်တွေကြောင့် ကျောက်ကြီးမြို့နယ်က နံဇ၊ တလိုင်းခင်၊ ဖိုးတ၊ ခြောက်တဲစု၊ ရွာသာယာ၊ ကုန်းချောင်းဝကျေးရွာနဲ့ ရွှေကျင်မြို့နယ်က ဂွေးကုန်း၊ ကျောက်တန်း၊ မောင်ပြား၊ ကွင်းတလာကြီးကျေးရွာတွေနဲ့ အနီးအနားရှိ ကျေးရွာတွေက ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်အတွင်း တောကြောင်ပေါက်ကျေးရွာက အရပ်သား ၂ ဦးနဲ့ စပ်စုကျေးရွာသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ လုပ်ဆောင်နေလျက်ရှိတဲ့အတွက် KNU နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ အရေအတွက် ပိုမိုများပြားလာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN တာဝန်ရှိသူက ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၂၄၀၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာမှုအကူအညီတွေ အများအပြား လိုအပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.