သရက်ချောင်း၊ အောက်တိုဘာ(၂၅)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးနောက် တန်ဖိုးရှိပစ္စည်းယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာနဲ့ တန်ဖိုးရှိပစ္စည်းယူဆောင်မှုတွေ လုပ်ဆောင်လာတာပါ။
ဒေသခံတွေအဆိုအရ အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဟာ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်ကျေးရွာရှိ ဒေသခံနေအိမ် ၇၀ ထက်မနည်းကို ဝင်မွှေပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ရငဲတောင်ကျေးရွာ ဘုန်းကြီးကျောင်းက ကပ္ပိယလုပ်နေတဲ့ ဘုန်းကြီးကျောင်းသား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆိုပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာပါ။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ အဆိုအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ် ၄၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ