ရေး၊ အောက်တိုဘာ(၂၅)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကျုံလောင်းရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရေးမြို့နယ် ဝယ်ပေါင်နဲ့ကျုံလောင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်ကြောင်းထိုးလာတာကြောင့် အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင်တော်လှန်ရေးအင်အားစုပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြား အပြင်စခန်းကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမဲ့ ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့အထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူး ကိုရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလို စစ်ရေးတင်းမာလာတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာကို တိမ်းရှောင်ပေးကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ တိုက်တွန်းတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနဲ့အတူ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျုံလောင်းကျေးရွာ ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနဲ့ရေးမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ရေးတံတားကြီးဂိတ်နဲ့ကျုံလောင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း၊ ရေးမြို့နယ်အခြေစိုက် မဟာမိတ်အင်အားစုတွေဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ကျောင်းသားများ တပ်မတော် ABSDF တပ်ရင်း(၁)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ဒေါနစစ်ကြောင်း