ရေဖြူ၊ အောက်တိုဘာ (၂၅)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရန်ကင်းကျေး ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲ ဘော်တစ်ဦး ကျဆုံးပြီး အရပ်သား တစ်ဦး ဖမ်းဆီးသတ် ဖြတ်ခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ရန်ကင်းကျေးရွာတံ တားကနေ အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အဲဒီနေ့ မနက် ၆ နာရီအချိန်ခန့်မှာ တိုက်ပွဲတစ်ကြိမ်၊ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ထိတွေ့တိုက်ပွဲ တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဇင်ယော်တပ်ဖွဲ့က PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ရေဖြူမြို့နယ် ဝေဟင်အဖွဲ့နဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ရန်ကင်းကျေးရွာ ဒေသခံပြည်သူ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဒေသခံပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဘက် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရန်ကင်း၊ဧကနိ၊ခမောက်ချောင်း၊ ရလိုင်၊ ဝက်ချောင်း၊ ပုဂေါဇွန်းစတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၄၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJပုံစာအညွန်း- ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဉ်။