နေပြည်တော်၊ အောက်တိုဘာ(၂၅)
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဆက်လက်ရပ်တည်ခွင့်လျှောက်ထားခဲ့တဲ့ မွန်ညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီတချို့ဟာ ပါတီမှတ်ပုံတင်ရရှိဖို့ မျှော်တလင့်လင့်စောင့်စားနေကြပါတယ်။
နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ နှောင်းပိုင်းမှာ ပြန်လည်ပြဌာန်းခဲ့တာပါ။
အဲဒီဥပဒေကြောင့် ပါတီဆက်လက်ရှင်သန်ဖို့နဲ့ မှတ်ပုံတင်ရရှိရေးအတွက် နိုင်ငံရေးပါတီ ၆၀ ကျော်ဟာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပေမယ့် အဲဒီထဲမှာ စစ်ကောင်စီကော်မရှင်က နိုင်ငံရေးပါတီ ၃၇ ပါတီကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါတယ်။
မှတ်ပုံတင်မရသေးတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသားပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့လည်း ပါဝင်နေပါတယ်။
အဲဒီနှစ်ပါတီဟာ ပြည်ထောင်စုတဝန်းစည်းရုံးတဲ့ နိုင်ငံရေးပါတီတွေဖြစ်ခဲ့ပေမယ့် စစ်ကောင်စီ ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် တစ်ဆင့်နိမ့်နဲ့ ပြည်နယ်အဆင့်မှာသာ မှတ်ပုံတင်ခွင့်ရဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ပါတီမှတ်ပုံတင် မချပေးမှုအပေါ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက စစ်ကောင်စီဟာ အင်အားကြီးတဲ့ပါတီတွေကို မှတ်ပုံတင်ချမပေးဘဲ ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်ဆောင်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အင်အားရှိတဲ့ ပါတီတွေ၊ အင်အားကြီးထွားနိုင်တဲ့ ပါတီတွေကို ရည်ရွယ်ချက်တစ်ခုခုနဲ့ စိစစ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ ကျွန်တော်က သုံးသပ်တယ်။ ဒီကိစ္စမှာ ရည်ရွယ် ချက်တစ်ခုရှိနေတယ်။ အဲဒါကြောင့် ပါတီတွေကို ချမပေးဘဲနဲ့ စိစစ်မှုတွေထပ်ပြီး လုပ်ဆောင်နေတာရှိတယ်။ အဲဒါကို ကျွန်တော်တို့ သိနေရတယ်”လို့ သူက ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အပါအဝင် အခြားသောတိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ စတုတ္တအများဆုံး အနိုင်ရရှိခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပါတီကိုယ်စားလှယ်နှစ်ဦး စေလွှတ်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံတင်ခွင့် လနဲ့ချီကြာနေတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းမှုတွေရှိတယ်လို့ ပါတီဘက်က ထုတ်ပြောထားပါတယ်။
အခုလို ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့အပေါ် စစ်ကောင်စီအနေနဲ့ မွန်ပါတီမပါဘဲ ရွေးကောက်ပွဲလုပ်ရင် ဝေဖန်မှုတွေရှိလိမ့်မှာဖြစ်ပြီး ရွေးကောက်ပွဲမှာ မွန်ပါတီကို စစ်ကောင်စီဖယ်ထုတ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက HURFOM ကို ဖြေဆိုထားပါတယ်။
တစ်ဖက်မှာတော့ မွန်ညီညွတ်ရေးပါတီဟာ ဩဂုတ်နှောင်းပိုင်းမှာ ကရင်ပြည်နယ်အခြေစိုက် မွန်တိုးတက်ရေးပါတီအမည်နဲ့ ပြည်နယ်အဆင့် စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာပါ။
သံလွင်တိုင်းမ်အနေနဲ့ ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အင်တာဗျူး ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ UEC အနေနဲ့ လုပ်ထုံးလုပ်နည်းအရ ဘယ်ဟာက မပြည့်စုံဘူးဆိုတဲ့ပုံစံမျိုးနဲ့ သက်ဆိုင်ရာပါတီတွေကို အကြောင်းကြားသင့်ပြီး ဒီလိုမှမဟုတ်ရင် စစ်ကောင်စီရဲ့ သဘောထားအပေါ် မူတည်ပြီး မှတ်ပုံတင်မချပေးတာလို့ သုံးသပ်ပါတယ်။
“တကယ်တမ်း UEC ရဲ့ သဘောထားအမှန်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ ဘယ်အချက်က လိုသေးတယ်၊ ဘယ်ဟာက မပြည့်စုံသေးဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်ဆိုင်ရာ ပါတီတွေကို အကြောင်း ကြားသင့်တာပေါ့။ ဒါကတော့ လုပ်ထုံးလုပ်နည်းဖြစ်တယ်။ ဒါမှမဟုတ်ဘဲနဲ့ နိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ အဲဒါကိုအသုံးချမယ်ဆိုရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တိုက်ရိုက်ဩဇာ လွှမ်းမိုးမှုကို ခံနေရတယ်။ သူတို့ရဲ့ (စကစ) သဘောထားအပေါ် မူတည်ပြီး မချပေးဘူးလို့ပဲ ကျွန် တော်က မှတ်ချက်ပြုချင်ပါတယ်”လို့ သူက ထောက်ပြပါတယ်။
လက်ရှိမှာ ရခိုင်အမျိုးသားပါတီနဲ့ မွန်ညီညွတ်ရေးပါတီအပြင် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာ ၇ လကျော်ကြာပေမယ့် ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့် မပြုရသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကတော့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက တင်ပြလာတဲ့ သတ်မှတ်ပါတီဝင် အင်အားစာရင်းမှန်ကန်စေရေး ပူးပေါင်းစိစစ်မှုတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ပါတီကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။
တဖက်မှာတော့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သူတို့အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေအရ ပြန်လည်မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ပါတီဖျက်သိမ်းထားတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမယ့်နှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေပြီးမှသာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ဘောင်ပိုကျယ်လာတဲ့ မြန်မာ့နိုင်ငံရေးဟာ ရွေးကောက်ပွဲကျင်းပဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း စစ်ကောင်စီရဲ့ ထိန်ချုပ်ကန့်သတ်မှုတွေမှာ ဆက်လက်ရပ်တည်ဖို့သာ ကြိုးပမ်းရမယ့် အခြေအနေပဲရှိတယ်လို့ သုံးသပ်ထားကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT