ပေါင်၊ အောက်တိုဘာ(၂၅)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်နေ ဒေသခံပြည်သူနှစ်ဦးဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
စစ်ကောင်စီဟာ ပေါင်မြို့ ကဒုံစီးရပ်ကွက်နေ အသက် ၅၂ နှစ်အရွယ် ဦးနေဝင်းနိုင်နဲ့ ကုလားချောင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ဒေသခံနှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ် ၅၀၅(က)နဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ပြီး အမှုဖွင့်အရေးယူထားတာပါ။
စစ်ကောင်စီက စွဲဆိုထားတဲ့ပုဒ်မအရ ဒေသခံနှစ်ဦးဟာ ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် တစ်နှစ်ကနေ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီဟာ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနေ ဒေသခံသုံးဦးကို နိုင်ငံရေးလှုံ့ဆော်တဲ့စာသားတွေ ရေးသားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၅၀၅ (က)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်း အွန်လိုင်းပေါ် ဝေဖန်ရေးသားပြောဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် အယောက် ၁၀၀ ကျော် ဖမ်းဆီးအမှုဖွင့်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အဆိုအရ မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ