ပေါက်၊ အောက်တိုဘာ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်(ဒေသအခေါ်) ပျူစောထီးအဖွဲ့ဝင်တချို့ လာရောက်နေထိုင်နေတဲ့ နေအိမ်တချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ လာရောက်နေထိုင်နေတယ်ဆိုတဲ့ သတင်းအရ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။
“သတင်းပေးလို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်၊ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ထွက်ပြေးသွားတာ၊ စစ်ကောင်စီတပ်ရဲ့ ကင်းခေါင်းဆောင်နေအိမ်က လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်” မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပျူစောထီးနေအိမ်တွေအား ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်ရဲ့ ကင်းအဖွဲ့ခေါင်းဆောင် ဦးဘန်ဘန် နေအိမ်ကနေ ကာဘိုင် သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခုနဲ့ ကျည်တောင့် ၂၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစီးနင်းမှုကို ပေါက်အခြေပြုတော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့နဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁ )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ပေါင်မြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာပါ။
ဒေသခံတွေအဆိုအရ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီဟာ ပေါက်မြို့နယ်ရဲ့ မြို့ပေါ်နေရာ တချို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဒေသအများစုကို လက်လွှတ်ထားရတယ်လို့ ပြောဆိုကြပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF