မော်လမြိုင်၊ အောက်တိုဘာ(၂၅)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း ၁၁၀ နီးပါး သက်တမ်းရှိနေတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရဲ့ ဦးသာညှင်းဓမ္မာရုံဟာ ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က မီးလောင်ပျက်စီးခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုမှာ နှစ်လတာအတွင်း ဒုတိယမြောက် မီးလောင်ကျွမ်းမှုဖြစ်ပြီး မီးလောင်မှုကြောင့် နှစ်ပေါင်း ၁၁၀ နီးပါး သက်တမ်းရှိတဲ့ ဦးသာညှင်းဓမ္မာရုံ အဆောက်အဦးအားလုံး မီးလောင်ပျက်စီးခဲ့တာပါ။
မီးလောင်မှုကို မနက် ၅ နာရီခွဲအချိန်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၇ နာရီအထိ မီးငြိမ်းသတ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ မီးလောင်မှုဖြစ်စဉ်အတွင်း ရောက်ရှိနေသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီမီးလောင်မှုကို ဒေသခံတွေက ရှို့မီးလို့ သုံးသပ်တာတွေ ရှိနေပေမယ့် မီးသတ်ဦးစီးဌာနက ဒီဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ မီးလောင်မှုမှာတော့ အထက(၉)ရဲ့ ကျောင်းအုပ်ကြီးရုံးခန်း၊ အလယ်ဆောင်နဲ့ ဦးသာညှင်းကျောင်းအိပ်ကျောင်းစား သုံးထပ်ကျောင်း ဆောင်တို့ မီးလောင်ပျက်စီးထားတာ ဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ – Bo Bo Win