မော်လမြိုင် – အောက်တိုဘာ(၂၅)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကြား စစ်ရေး၊နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၂၄) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၃၃) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေ ကြားမှာ စစ်ရေး အရ ပူးပေါင်းဆောက်ရွက်မှုတွေကို တိုးမြှင့်ဖို့ လိုနေပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းလာမှုလည်း အထူး လိုအပ်လာတယ်ဆိုတာ တွေ့ရပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့အစိုးရ အဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်တွေအကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှုနဲ့ ယုံကြည်မှုတို့ကို ယခုကထက် ပိုမိုခိုင်မာ ကျယ်ပြန့်လာအောင် ဆက်လက် တည်ဆောက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” လို့ NUG ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပြီး ယုံကြည်မှုဆိုတာလည်း စံတန်ဖိုးနဲ့ ခံယူချက် ယုံကြည်ချက်တွေအပေါ်မှာ မူတည်နေတာ ဖြစ်သလို တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ လူမျိုးရေး စိတ်ဆန္ဒတွေကို အထူးဂရုစိုက်သင့်တယ်လို့ ပြောပါသေးတယ်။

မဟာမိတ်ပေါင်းစည်းမှုတွေမှာလည်း မတူညီတဲ့ အကျိုးစီးပွားနဲ့ ကွဲပြားတဲ့ အမှတ်သရုပ်တွေကို သဘောထားကြီးစွာ နားလည်လက်ခံဖို့ အထူးအရေးကြီးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တော်လှန်ရေးဟာ အရှိန်ရလာပြီး ကျယ်ပြန်လာတဲ့အတွက် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးနိုင်ငံရေး ဆက်ဆံမှုတွေဟာ အရေးကြီးသထက် ကြီးလာပြီး ဆက်ဆံရေးကို အတိမ်းအစောင်းမခံနိုင်တဲ့အပြင် ချွတ်ချော်မှုတွေလည်း လုံးဝမဖြစ်သင့်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ အစိုးရအဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.