ဝါရှင်တန်- အောက်တိုဘာ ( ၂၆) 

မြန်မာစစ်တပ်က အပြစ်မဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခတ်မှု တစ်နှစ်အတွင်း ရာခိုင်နှုန်း ၃၀၀ ကျော်အထိ တိုးမြှင့် လုပ်ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တို့က မြန်မာနိုင်ငံအတွင်းက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအကြောင်း အသေးစိတ် အစီရင်ခံစာတွေကို အဲဒီနေ့မှာ သီးခြားစီတင်ပြခဲ့ကြတာပါ။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကစလို့ အာဏာရယူခဲ့တဲ့ မြန်မာစစ်တပ်ဟာ အရပ်သား ၄၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ရာကနေ အခုတော့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုမီးလျံ တွေ တောက်လောင်နေရပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကုလကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ 

အာဏာရယူခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်ဟာ စစ်တပ်ကိုဆန့်ကျင်တဲ့တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေက ကျေးရွာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ နေရာပြောင်းရွှေ့လာကြသူတွေရဲ့ စခန်းတွေကို ဥပဒေမဲ့တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေခဲ့ တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အဆိုအရ တချို့ဒေသ တွေမှာဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရာခိုင်နှုန်း ၃၀၀ ကျော် တိုးလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတွေကိုလည်း သုတ်သင်သတ်ဖြတ်ခဲ့ကြတယ်လို့ တွမ်အမ်ဒဓရူးစ်က ဆိုပါတယ်။ 

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ကြိုးပမ်းလုပ်ဆောင်တဲ့နေရာမှာ စစ်သားတွေဟာ အရပ်သားတွေကို မီးရှို့တာ၊ ခေါင်းဖြတ်ပစ်တာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်ပစ် တာနဲ့ ခန္ဓာကိုယ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူမှု အရှိန်တိုးမြှင့်ဖို့နဲ့ လုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေးအား နိုင်ငံတကာ ရာဇဝတ်တရား ရုံးဆီ လွှဲပြောင်းပေးသင့်တယ်လို့ အဲဒီအစီရင်ခံစာတွေထဲမှာ တိုက်တွန်းထားပါတယ်။ 

Ref; UNHuman Right Watch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.