ကော့ကရိတ်၊ အောက်တိုဘာ(၂၅)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းက စတင်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။
အဲဒီနေ့မနက် ၅ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးရှိ ဆင်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF တော်လှန်ရေး အင်အားစုအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပြပါတယ်။
မြေပြင်သတင်းအရင်းအမြစ်တွေအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးတစ်ဦး ကျဆုံးထားသလို သေဆုံးသူအများအပြားရှိပြီး အရေအတွက်အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုတိုက်ခိုက်နေတဲ့အတွက် တတန်ကူး၊ ဆင်ကုန်းစတဲ့ အနီးအနားဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ကော့ကရိတ်မြို့မှာ မနေ့ အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းအချိန်ကစပြီး လေယာဉ်တွေရောက်ရှိ ပျံသန်းလာပြီး နောက်တစ်ရက် အောက်တိုဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ ညနေပိုင်းအချိန်အထိ နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-JSPDF