လက်ရှိကိုယ့်တိုင်းပြည်ထဲမှာ မငြိမ်မသက်တွေဖြစ်လို့၊ မတည်ငြိမ်မှုတွေဖြစ်လို့၊ အန္တရာယ်တွေ မကင်းရှင်းလို့ဆို ပြီး တိုင်းတပါးကို လာတော့မယ်ဆိုရင် မိမိသွားမယ့်နိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေကိုလည်း စနစ်တကျ လေ့လာစုံစမ်းပြီးမှ လာစေချင်တယ်”

ထိုင်းနိုင်ငံမှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာအတွင်း အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံနေရသလို တရားမဝင် နယ်စပ်ကျော်ဖြတ်ဝင်ရောက်မှုကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံရမှုတွေ ဆက်ရှိနေတာပါ။ တဖက်မှာတော့ ထိုင်း မြန်မာနှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းတွေကနေတစ်ဆင့် ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း စက်ရုအလုပ်ရုံတွေမှာ အလုပ်အကိုင်မရရှိတာ၊ လုပ်ခလစာ အပြည့်အဝမရရှိတာ၊ အလုပ်ဖြုတ်ခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်လက်ဖမ်းဆီးခံနေရတဲ့ အခြေအနေ၊ MOU အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း(LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ ဆက်သွယ် မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး နယ်စပ်ကနေတစ်ဆင့် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေ အခုနောက်ပိုင်းမှာ ဘယ်လိုတွေ့နေရလဲ။

ဦးအောင်ကျော် – နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေက ပုံမှန်အတိုင်းပါပဲ။ နိုင်ငံတစ်ခုမှာ တည်ငြိမ်အေးချမ်းမှု မရှိဘူး။ အလုပ်အကိုင်အခွင့်အလမ်းလည်း မကောင်းဘူး။ ပြည်တွင်းမှာရှိတဲ့သူက ကိုယ့်ရဲ့စားဝတ်နေရေးအတွက် ဖြစ်တဲ့နည်းနဲ့ နယ်စပ်တွေကိုဖြတ်ကျော်ပြီး အလုပ်အကိုင်ရဖို့အတွက် ကြိုးပမ်းနေကြတာပါ။ လုံးဝ ရပ်တန့်သွားတာ မရှိဘူး။ ပုံမှန်အတိုင်းတော့ ဆက်လက်ဝင်ရောက်နေဆဲပါပဲ။ ထိုင်းနိုင်ငံကလည်း သူ့နိုင်ငံလုံခြုံရေးအရဆိုပြီး နယ်စပ်ဒေသတွေမှာ လုံခြုံရေးကိုတိုးမြှင့်ထားလို့ ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ အရင်ကထက် စာရင်လျော့ကျလာတယ်။ အရင်ကထက်ဖမ်းဆီးရမိတာ မရှိလောက်ပါဘူး။

သံလွင်တိုင်းမ် – နယ်စပ်ကနေမဟုတ်ဘဲ ထိုင်းနိုင်ငံပြည်တွင်းထဲမှာရှိနေတဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှုအခြေအနေ ဘယ်လိုတွေ့နေရလဲ။

ဦးအောင်ကျော် – ၂၀၂၁-၂၀၂၂မှာ ပျှမ်းမျှကို ၄၀၀၀ဝန်းကျင်ဖမ်းဆီးရမိတာကို ထိုင်းအစိုးရက ထုတ်ပြန်တာမျိုးကို တွေ့ရတယ်။ အခုနောက်ပိုင်းတော့ အဲဒီလောက်အရေအတွက် မများပြားဘူး။ သို့သော် ဖမ်းဆီးရမိခြင်းတွေလည်း ရှိနေဆဲလို့ ပြောရမှာဖြစ်ပါတယ်။ အမြဲတမ်းကြီး မဟုတ်ပေမယ့် ထိုင်းနိုင်ငံမှာ အထောက်အ ထားမဲ့တွေကို ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလို့ ဖမ်းဆီးရမိတာလေးတွေ ရှိတယ်။ ပိုက်စိပ်တိုက်ဖမ်းဆီးတာမျိုးတော့ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။

သံလွင်တိုင်းမ် – MOU အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိတယ်။ နောက် လုပ်ခလစာ အဆင်မပြေတာတွေ စတာတွေ ကြားနေရတယ်ပေါ့နော်။ အဲ့ဒီအခြေအနေ ဘယ်လိုရှိနေလဲ။

ဦးအောင်ကျော် – အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ။ နယ်စပ်ဖြတ်ကျော်ပြီးမှ ရောက်လာတဲ့အ လုပ်သမားတွေ ဒုက္ခဖြစ်တာကို ကျွန်တော်တို့က အထူးပြောစရာမလိုပေမယ့် နှစ်နိုင်ငံတရားဝင်စာချုပ်ချုပ်ပြီးမှ အလုပ်ရှင်၊ အလုပ်သမား၊ မြန်မာအလုပ်သမားဝန်ကြီးဌာနရယ် တရားဝင်စာချုပ်ချုပ်ဆိုလာတဲ့ အလုပ်သမား တွေက ဒီနိုင်ငံမှာ ဒုက္ခရောက်တာတို့၊ အလုပ်အကိုင်အခက်အခဲတွေ ဖြစ်တာမျိုးက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒါတွေကိုလည်း ကျွန်တော်တို့ ကြားမိပါတယ်။ ဒါတွေက တာဝန်ယူမှုတာဝန်ခံမှု မရှိတာတွေရယ်၊ သက် ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေက ကြပ်မတ်မှုအားလျော့နေတာကို မြင်တွေ့နေ ရတယ်။ မြန်မာနိင်ငံကနေ အလုပ်သမား၁၆၄ဦးထိုင်းနိင်ငံကို တရားဝင်စာချုပ်ချုပ်ပို့လာပြီးမှ အလုပ်မရှိလို့ဆိုပြီး အေဂျင်စီကနေ အလုပ်အကိုင်တွေ လိုက်ရှာဖွေပေးတယ်ဆိုတာ ကျွန်တော်ကြားသိရပါတယ်။ အမှန်တိုင်းပြော ရရင် ရှေ့ပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲ တရားဝင်စာချုပ်ချုပ်လာတဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အ လုပ်ကိုရှာရမှာ မဟုတ်ဘူး။  စာချုပ်ပါစက်ရုံမှာ အလုပ်ဝင်ပြီးတော့မှ ပုံမှန်အစိုးရသတ်မှတ်ထားတဲ့ နှုန်းထားတွေ နဲ့ အခွင့်အရေးပြည့်ဝရရှိနေရမယ့် အနေအထားမျိုးမှာ ဒီမှာအလုပ်အကိုင်မဲ့ဖြစ်နေတာ လုံးဝမသင့်လျော်ဘူး။

သံလွင်တိုင်းမ် – ထိုင်းနိုင်ငံထဲက အလုပ်သမားတွေအတွက် လုပ်ခလစာ တိုးမြှင့်ပေးမယ်လို့ သတင်းတွေကြား နေရတယ်၊ အဲ့ဒီအခြေအနေရော ဘယ်လိုမျိုးကြားနေရလဲ။

ဦးအောင်ကျော် – ဒါကတော့ အစိုးရတစ်ရပ်က မဲဆွယ်စည်းရုံးတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ကတိပေးတာ အစိုးရဖြစ်ခဲ့မယ်ဆိုရင် လုပ်အားခ၊ လစာတွေကို တိုးမြှင့်ပေးမယ်ပြောထားတာပေါ့။ အခုက နေ့ရက်အတိအကျကို သူတို့ကြေညာတာမဟုတ်ပဲ သူတို့အနေနဲ့ မကြာခင် တစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်သား တွေကို လုပ်အားခ ၄၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြောထားပါတယ်။ နေ့ရက်စွဲ၊ လအတိအကျနဲ့ ဖော်ပြတာ မဟုတ်တော့ ဒါတွေကိုလည်း လုပ်သားတွေက စောင့်ကြည့်နေကြတုန်း ရှိပါတယ်။

သံလွင်တိုင်းမ် – လက်ရှိလုပ်ခလစာနဲ့ ကုန်ဈေးနှုန်းအခြေအနေကရော ဘယ်လိုရှိနေလဲ။

ဦးအောင်ကျော် – လုပ်အားခတိုးမြှင့်သွားတာနဲ့ ကုန်ဈေးနှုန်းတွေက ဝုန်းခနဲ့ တန်းလိုက်လာတဲ့အတွက် အခုဒီမှာ အစိုးရသစ်က လေသံပစ်ထားတာ မကြာခင်လုပ်အားခလစာတိုးမြှင့်ပေးမယ်လို့ ပြောလိုက်တဲ့အခါ ကုန်ဈေးနှုန်း တွေကလည်း တရိပ်ရိပ်တက်နေတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအနေအထားကို အမှီသဟဲပြုပြီး စီးပွား ရေးက အတက်အကျဖြစ်တော့ ထိုင်းနိုင်ငံမှာလည်း ပြည်သူတွေလိုလားတဲ့ အစိုးရမဖြစ်လာတော့ နိုင်ငံရေးက လည်း တည်ငြိမ်အေးချမ်းတဲ့အနေအထား မရှိပါဘူး။ နိုင်ငံတကာ ဝယ်လက်တွေကလည်း အဝယ်အော်ဒါတွေ လျော့တော့ ထိုင်းမှာအလုပ်အကိုင်တွေ အဆင်မပြေပါဘူး။ လုပ်သားတွေက အချိန်ပိုကြေးတွေ မရတော့ပဲ ၈ နာရီစာ လုပ်အားခနဲ့ပဲ ရပ်တည်နေရလို့ အခက်အခဲတွေဖြစ်နေပါတယ်။ ကုန်ဈေးနှုန်းကလည်း တက်လာတော့ လုပ်သားတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

သံလွင်တိုင်းမ် –  ပြည်ပရောက် မြန်မာအလုပ်သမားတွေအပေါ် စစ်ကောင်စီက ဝင်ငွေခွန်တွေကောက်မယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဦးအောင်ကျော် – အရှေ့ပိုင်းမှာ ပြောသွားတာတွေကို စစ်အစိုးရအနေနဲ့ လေ့လာသုံးသပ်သင့်ပါတယ်။ ဒီထိုင်းနိုင်ငံမှာ ရောက်နေတဲ့ လုပ်သားတွေက လုပ်အားခလစာတွေ အမြောက်အများရရှိပြီး ဝင်ငွေတွေပိုလျှံပြီး စု ဆောင်းနိုင်တဲ့ အနေအထားမဟုတ်ဘူး။ သူတို့ဘဝက အခက်အခဲတွေနဲ့ မနည်းရပ်တည်တဲ့ အနေအထားမျိုးမှာ ဝင်ငွေခွန်ကောက်တာက ကျွန်တော်ထင်တယ်။ လုပ်သားတွေ လက်ရှိပကတိ မြေပြင်မှာဖြစ်နေတဲ့ အနေအထားကို မသိရှိပဲလုပ်တာဖြစ်လို့ အလုပ်သမားတွေလည်း တော်တော်သောက ဖြစ်နေပါတယ်။

သံလွင်တိုင်းမ် – ထိုင်းအစိုးရသစ်အပြောင်းအလဲ ဖြစ်တဲ့နောက်ပိုင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ အခြေအနေ ဘယ်လိုမျိုးတွေ့နေရလဲ။

ဦးအောင်ကျော် – လက်ရှိဝင်ငွေနဲ့တောင် ရပ်တည်ဖို့ အခက်အခဲဖြစ်နေတာ။ အခုလိုမျိုး စစ်အစိုးရက လုပ်အားခတွေကနေ ဝင်ငွေကောက်မယ်ဆိုတာ လုပ်သားတွေရဲ့ ပကတိအခြေအနေကို လုံးဝမသိပဲ ဆုံးဖြတ်နေတယ် လို့ သုံးသပ်လိုက်ရပါတယ်။

သံလွင်တိုင်းမ် – လက်ရှိ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကြုံနေရတဲ့ အဓိကအခက်အခဲက ဘာများဖြစ်နိုင်မလဲ။

ဦးအောင်ကျော် – အခုအစိုးရသစ်အပြောင်းအလဲနောက်ပိုင်းမှာ ထူးခြားတဲ့ဖြစ်ပေါ်မှုတွေ မဖြစ်သေးပဲ အစိုးရသစ်မပေါ်ပေါက်ခင်တည်းက ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုတွေ၊ အလုပ်အကိုင်တွေ အရင်လောက် အဆင်မပြေမှုတွေ ဝင်ငွေနည်းပါးမှုတွေကြောင့် လုပ်သားတွေက လောလောဆယ် အခက်အခဲတွေများစွာကြုံ တွေ့နေရတယ်။ ဒီနှစ်က ထိုင်းနိုင်ငံစီးပွားရေးက ဆိုးဆိုးဝါးဝါး ကျဆင်းသွားတာ မဟုတ်ပေမယ့် လုပ်သားတွေ က ပုံမှန်ဝင်ငွေ မရတော့ဘူး။ လုပ်အားခ၃၅၀ကျော်ရလာမယ်။ အိုဗာတိုင်ကြေး နှစ်နာရီ၊ သုံးနာရီရမယ်ဆို ထိုင်း ဘတ်ငွေ ၅၀၀လောက်ရနေတဲ့ လုပ်သားက သူ့အတွက် နေရေးထိုင်ရေး စာရေးသောက်ရေးအပြင် သူ့အတွက် အမိအဖ၊ ဆွေမျိုးတွေပို့နိုင်တဲ့ အနေအထားရှိတယ်။ အခုဘယ်အိုဗာတိုင်မှ မပေးတော့ပဲ ၈နာရီလုပ်အားခပဲ ရနေတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေးအတွက် နေရေးထိုင်ရေးအတွက်ရအောင် ဖန်တီးနေရပြီး မိဘကို ထောက်ပံ့ဖို့တောင် မရတဲ့အနေအထားမှာ အခုလိုဝင်ငွေခွန်တွေ ကောက်မယ်ဆိုတာ ကြားရတော့ လုပ်သား တွေ စိတ်သောက ရောက်နေတာကို ကျွန်တော်မြင်တွေ့ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မညီမျှလို့ စိတ်သောက ရောက်နေတဲ့ အနေအထားက စိန်ခေါ်မှု ဖြစ်နေပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာရှိလဲ။ ပြောပြပေးပါဦး။

ဦးအောင်ကျော် – လက်ရှိကိုယ့်တိုင်းပြည်ထဲမှာ မငြိမ်မသက်တွေဖြစ်လို့၊ မတည်ငြိမ်မှုတွေဖြစ်လို့၊ အန္တရာယ်တွေ မကင်းရှင်းလို့ဆိုပြီး တိုင်းတပါးကို လာတော့မယ်ဆိုရင် မိမိသွားမယ့်နိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေကို လည်း ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေက စနစ်တကျ လေ့လာစုံစမ်းပြီးမှ လာစေချင်တယ်။ ရောက်နေတဲ့ အလုပ်သမားတွေက ဒုက္ခရောက်နေတာကို မြင်တွေ့နေရတဲ့အတွက် အဲဒါလေးကို ကျွန်တော်သတိ ပေးချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.